close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ခရိုင်းမီးယား ဆက်သွယ်ထားတဲ့ တံတားကြီးကို ရေအောက် ဖောက်ခွဲမှုနဲ့ ယူကရိန်းတိုက်ခိုက်

ရုရှားနိုင်ငံနဲ့ ရုရှားထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ တံတားကြီးကို ယူကရိန်းက ရေအောက်မှာ ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားနိုင်ငံနဲ့ ရုရှားထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ တံတားကြီးကို ယူကရိန်းက ရေအောက်မှာ ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ်ကတည်းက ရုရှားတပ်တွေဟာ ခရိုင်းမီးယားကို ဝင်ရောက် ထိန်းချုပ်ထားခဲ့ပြီး ၂၀၁၈ မှာတော့ အဲဒီကျွန်းဆွယ်ကို ရုရှားကနေ တိုက်ရိုက်ဆက်သွယ်တဲ့ ကာ့ချ်တံတားကြီးကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ကြီးမှူးပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ကာ့ချ်တံတားကြီးဟာ ပူတင် အင်မတန် ဂုဏ်ယူတဲ့၊ တန်ဖိုးထားတဲ့ အခြေခံ အဆောက်အအုံကြီး တစ်ခုဖြစ်ပြီး စစ်ပွဲကာလမှာတော့ ယူကရိန်းရဲ့ စက်ကွင်းထဲ ကျရောက်ခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့ တိုက်ခိုက်မှုကတော့ တံတားရဲ့ အောက်ခြေ ပင်မ ထောက်တိုင် တစ်ခုကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အဲဒီတိုင်နားမှာ ဆင်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေက ပြင်းပြင်းထန်ထန် ထပေါက်ခဲ့တာကို လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုတွေမှာ တွေ့ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် တံတားရဲ့ အောက်ခြေတိုင်မှာ ကြီးကြီးမားမား ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာန SBUက ပြောပါတယ်။ ဒါဟာ တစ်ပတ်အတွင်း SBUက ရုရှားအတွက် သိက္ခာကျလောက်စေမယ့် ဒုတိယမြောက် လျှို့ဝှက်စစ်ဆင်ရေး တစ်ခုကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်ပြခဲ့ခြင်းလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က SBUဟာ ရုရှားနိုင်ငံထဲ လျှို့လျှို့ဝှက်ဝှက် ကြိုတင်ပေးပို့ထားခဲ့တဲ့ ထရပ်ကားတွေထဲကနေ ဖောက်ခွဲရေး ဒရုန်းတွေကို ရုတ်တရက် ပျံတက်စေပြီး ရုရှား လေတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ရုရှားစစ်တပ် အကြီးအကျယ် အငိုက်မိခဲ့ပါတယ်။

အဲဒီ စစ်ဆင်ရေးအတွက် ရုရှားရဲ့ နျူကလီးယား လက်နက်တွေ တပ်ဆင်ပြီး တာဝေးပျံသန်းနိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေရဲ့ စုစုပေါင်း သုံးပုံတစ်ပုံကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကြွေးကြော်ခဲ့ပါတယ်။

ကာ့ချ်တံတားကြီး တိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရုရှားဖက်ကတော့ ရှင်းရှင်းလင်းလင်း မှတ်ချက်မပေးသေးပါဘူး။ ၁၂ မိုင် ရှည်လျားတဲ့ အဲဒီ တံတားကြီးဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေတုန်းကလည်း ယူကရိန်းရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ကြုံခဲ့ရပါသေးတယ်။ အဲဒီဖြစ်စဉ်တွေနောက်ပိုင်း တံတားမှာ ရုရှားတပ်တွေ ဖြန့်ကျက်ပြီး လုံခြုံရေး တင်းကျပ်ထားတဲ့တိုင် အခုလို ဖောက်ခွဲမှုမျိုးနဲ့ ထပ်ပြီး ကြုံခဲ့ရတာပါ။

တံတားအောက်ခြေတိုင်နား ရေအောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် ရုရှားက တံတားကြီးကို နာရီပိုင်းလောက် ယာယီ ပိတ်ပြီး အဲဒီနောက်မှာ ပြန်ဖွင့်ပေးထားတယ်လို့ သိရပါတယ်။

သီးခြားဖြစ်စဉ် အနေနဲ့ ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြည်တွင်းမှာ ရထားလမ်းကူး ခုံးတံတားနှစ်ခု ဖောက်ခွဲ ခံရမှုဟာ ယူကရိန်းရဲ့ အကြမ်းဖက် လုပ်ရပ်လို့ စွပ်စွဲပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ တံတားတွေမှာ ပေါက်ကွဲမှု ဖြစ်ပြီး ကျိုးကျခဲ့ရာက လူ ၇ ဦးသေပြီး ကလေးတွေ အပါအဝင် ၁၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှား မီဒီယာတွေက ဖော်ပြထားပါတယ်။

ဇွန်လ ၃ ရက်နေ့မှာတော့ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆူမီမြို့ကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးသေပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇီလန်စကီးက အဲဒီ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ရုရှားဟာ စစ်ပွဲကို အမှန်တကယ် ရပ်တန့်ဖို့ ဆန္ဒမရှိဘူးဆိုတာ ပေါ်လွင်စေခဲ့ကြောင်း စွပ်စွဲ ဝေဖန်သွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြားက ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာလည်း ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ မရှိဘဲ ပြီးဆုံးခဲ့ပြန်ပါတယ်။

နိုင်ငံတကာ

အထူးအောင်မြင်တဲ့ ဒရုန်းစစ်ဆင်ရေး တစ်ခုအတွင်း ရုရှားစစ်လေယာဉ် အမျိုးမျိုး အစီး ၄၀ လောက်ကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံမှာ ရထားပေါ်ကို ခုံးကျော်တံတား ပြိုကျလို့ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းတစ်ခုကို ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

Facebook