မေ-၂၀၊၂၀၂၅။ကဖေး/People’s Spring
ဂန့်ဂေါမြို့မြောက်ပိုင်းရေရှင်ရွာကိုစစ်ကောင်စီက ယနေ့(မေလ ၂၀ရက်)နံနက်ပိုင်း၌ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲသွားသည်။
နံနက် ၉နာရီ မိနစ် ၂၀ ခန့်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှုရှိသည်ဟု ကနဦးသတင်းရရှိထားကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
“ရေရှင်ကိုကြဲသွားတာပါ။ ကျနော်တို့နဲ့ ဝေးတယ်။ ဒေသခံတွေထိတယ်ကြားတယ်။ ကြိုးစားဆက်သွယ်မေးနေတုန်းပဲ”ဟု ဂန့်ဂေါမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
စစ်ကောင်စီသည် ဂန့်ဂေါမြို့အပါအဝင်ယောဒေသတွင်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် လေကြောင်းအင်အားသုံး၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်သတိပြုရန် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က သတိပေးထားသည်။
မေလ ၁၄ ရက်ညကလည်း ဂန့်ဂေါမြို့နယ်လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့သည်။ ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။
ထို့အပြင်မတ်လ၂၂ရက်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာဆေးခန်းကို ဗုံးကြဲခဲ့သဖြင့် CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ကိုယ်ဝန်ဆောင် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူတို့အပါအဝင်ဒေသခံ ၁၁ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။
လက်ရှိတွင်လည်း ဂန့်ဂေါမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ(၅၀)မှ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအချို့ကိုစစ်ကြောင်းထိုးနေသည်။ မေလ၁၂ ရက်က မြို့အရှေ့တောင်ဘက်ရှိ လယ်မရွာကို စီးနင်းဝင်ရောက်ပြီးနောက်အသက် ၆နှစ်အရွယ် ကလေးငယ်အပါအဝင်အရပ်သား ၁၁ဦးကို သတ်ဖြတ်သွားကာ ၁၁ဦးဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးအချို့ပါဝင်ပြီး မေလ၂၀ ရက်အထိအဆက်အသွယ်မရရှိသေးကြောင်းသတင်းရရှိသည်။
