close
Connect with us

Hi, what are you looking for?

သတင်း

ပကဖ ၁၀ ဦးသတ်ဖြတ်ခံရမှုအ​ပေါ် အမှုမှန်​ပေါ်​ပေါက်​ရေး​ဆောင်ရွက်​ပေးရန်၊အ​ရေးယူ​ပေးရန်၊ ခြံစည်းရိုးခတ်ခြင်း ရပ်ဆိုင်းထားရန်အပါအဝင်အချက် ၅ ချက်ကိုအိန္ဒိယအစိုးရအား NUG တောင်းဆို

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တွင် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ဦး သတ်ဖြတ်ခံရမှုကို အမှုမှန်​ပေါ်​ပေါက်​ရေး​ဆောင်ရွက်ပေးရန်၊ စုံစမ်းစစ်​ဆေးအ​ရေးယူ​ပေးရန်နှင့်နယ်စပ်ခြံစည်းရိုးတဖက်သတ်ခတ်ခြင်းအားယာယီရပ်ဆိုင်းထားရန်အပါအဝင် အချက် ၅ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အိန္ဒိယနိုင်ငံအစိုးရအား တောင်းဆိုလိုက်သည်။

ပကဖ များထံမှ သိမ်းဆည်းခံရ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ/ NUG ၏ ထုတ်ပြန်ချက်။ဓါတ်ပုံ-File Photo

မေ-၂၀၊၂၀၂၅။ကဖေး/People’s Spring

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တွင် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ ဦး သတ်ဖြတ်ခံရမှုကို အမှုမှန်​ပေါ်​ပေါက်​ရေး​ဆောင်ရွက်ပေးရန်၊ စုံစမ်းစစ်​ဆေးအ​ရေးယူ​ပေးရန်နှင့် နယ်စပ်ခြံစည်းရိုး တဖက်သတ်ခတ်ခြင်းအားယာယီရပ်ဆိုင်းထားရန်အပါအဝင် အချက် ၅ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အိန္ဒိယနိုင်ငံအစိုးရအား တောင်းဆိုလိုက်သည်။

မေလ ၁၄ရက်နေ့က တမူးမြို့နယ်နဲ့ထိစပ်နေသောအိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အနီးတစ်နေရာတွင် တမူးခရိုင် ပြည်သူ့ကာကွယ်အဖွဲ့မှရဲဘော်များကို အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်အတွက် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များအရ အိန္ဒိယအစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနကယမန်နေ့ မေလ ၁၉ရက်ညတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ညတွင်အိန္ဒိယနိုင်ငံအစိုးရအား တောင်းဆိုချက်ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်၊ အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေး၊ အပြစ်ပေးအရေးယူဖြေရှင်းပေးရန် ၊ နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး၊ နစ်နာသူ မိသားစုများအား နစ်နာကြေးပေးဆောင်ရန်၊ နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန်၊ နှစ်နိုင်ငံနယ်ခြားစည်းညှိနှိုင်းမှုမပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားခြင်းဖြင့် ယခုကဲ့သို့ ဖြစ်စဉ်များအား ရှောင်လွှဲရန် တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက် အခြမ်းတွင် ယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေသော တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးသည် မေလ ၁၄ရက်၌ စခန်းမှ ပျောက်ဆုံးသွားပြီးနောက် အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်သည့် Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်)က မေလ ၁၆ရက်တွင် . ရုပ်အလောင်း (၁၀) လောင်းအနေဖြင့် ညှိနှိုင်း တောင်းဆိုမှုလက်ခံရရှိခဲ့သည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် အဆိုပါရဲဘော်များ ပျောက်ဆုံး သည်ဟု သိရသည့် အချိန်မှစ၍ (စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားဝင်သတင်းထုတ်ပြန်နိုင်ရေး၊နောက်ဆက်တွဲလုပ်ငန်းများ ‌ဆောင်ရွက်ရေးတို့အတွက် အိန္ဒိယနိုင်ငံနှင့် စပ်လျဉ်းသော ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက် ရန် အထူးဖွဲ့စည်းထားသည့် Task Force for India အနေဖြင့် ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်သည်။

မြေပြင်အခြေအနေ စစ်ဆေးမှုများ၊ အစီရင်ခံစာ တွေ့ရှိချက်များ၊ ဆွေးနွေးတွေ့ရှိချက် များအရ ဖြစ်စဉ်အမှန်သည် အိန္ဒိယနိုင်ငံမီဒီယာများမှထုတ်ပြန်ချက်များနှင့် ကွဲလွဲနေပြီးတမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ ကျဆုံးခြင်းမဟုတ်ဘဲ ယာယီစခန်းရွှေ့ပြောင်းမှုအား သတင်းကြိုတင်ပေးပို့ထားသည့်ကြားကပင် Assam Rifles ( တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်)၏ အကြောင်းပြချက်မခိုင်လုံစွာဖြင့် ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံရသည်ဟု သုံးသပ်တွေ့ရှိသည်ဟု​ဖော်ပြထားသည်။

ထို့အပြင် အလောင်းများပြန်လည်တောင်းခံယူရာတွင်လည်းပကဖရဲဘော်များမှ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်သောကြောင့် နှိမ်နင်းခြင်းခံရကြောင်း၊နောက်နောင်နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုအား မကန့်ကွက် ရန် သဘောတူပါကြောင်း စသည့် အချက်များအား မြန်မာဘက်မှ လာရောက်သည့် တာဝန်ခံများ အား ခေါ်ယူထားကာ ဖိအားပေးလက်မှတ်ထိုးစေပြီးမှ လွှဲပြောင်းပေးကြောင်း NUG ကအသိ​ပေးသည်။

NUGအစိုးရအနေဖြင့် ယခုဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံအစိုးရ၏ မူဝါဒသဘောထားရပ်တည်ချက်တစုံတရာကို ကိုယ်စားပြုခြင်းမဟုတ်ဟုယုံကြည်ကြောင်းဖော်ပြထားသည်။

မိမိတို့အနေဖြင့်အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးကို အရှည်ရှေးရှုလျက် နယ်စပ်ဒေသကိစ္စရပ်များတွင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ယခုထုတ်ပြန်ချက်မှာ မြန်မာပြည်သူများ၏ ဆန္ဒသဘောထားလည်း ဖြစ်သဖြင့် အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် အလေးထား ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း အသိပေးထားသည်။

အမှုမှန်မပေါ်ပေါက်ခဲ့ပါက ဖြစ်ပေါ်လာမည့်ကိစ္စများတွင် မိမိ တို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကြောင်း အထူးမေတ္တာရပ်ခံတောင်းဆိုသည်သည်ဟု ဆိုသည်။

ယခုဖြစ်စဥ်အ​ပေါ် အိန္ဒိယနိုင်ငံ Eastern Command-Indian Army က မေလ ၁၅ ရက်၌ ထုတ်ပြန်ရာတွင် အိန္ဒိယ-မြန်မာ နယ်စပ်နားက ချန်ဒဲလ် ခရိုင်၊ ခန်ဂျိုင်တာဆဲလ် ဒေသမက ဆမ်တဲလ် ရွာသစ်အနီးတွင် လက်နက်ကိုင် အင်အားစုများ လှုပ်ရှားနေကြောင်း တိကျ​သော ထောက်လှမ်းရေး သတင်းများကို အခြေပြုပြီး အာသံရိုင်ဖယ် နယ်ခြားစောင့် ယူနစ်များက မေလ ၁၄ ရက်နေ့တွင်စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သည်။ထိုစစ်ဆင်ရေးအတွင်း လက်နက်ကိုင်များဖက်မှ ပစ်ခတ်သည်ကို ခံခဲ့ရ​သောကြောင့် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များက သတ်မှတ်ထားတဲ့ စံနှုန်းများနှင့် အညီ မြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့ရာလက်နက်ကိုင် ၁၀ ဦးကိုရှင်းလင်းနိုင်ခဲ့ပြီး လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေလည်း သိမ်းဆည်းရရှိခဲ့သည်ဟု​ဖော်ပြထားသည်။

မြေပြင်အခြေအနေမှာ ယင်းကဲ့သို့မဟုတ်ကြောင်း သေဆုံးခဲ့သည့်ရဲဘော်များ၏ ရုပ်အလောင်းများအားတွေ့ရှိခဲ့သည့် ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“ရက်စက်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဗျ။ တစ်ယောက်ချင်း ပစ်သတ်ခံထားရတာ”ဟုတမူးမြို့နယ်မှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထိုအပြင်မြန်မာပြည်သူလူထုနှင့် အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့်လည်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် သက်ဆိုင်ရာ အိန္ဒိယအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအား သိရှိနားလည်ယုံကြည်ကာ၊ အခြားမလိုလားအပ်သော နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေမည့်ကိစ္စများ၊ အထူးသဖြင့် နယ်စပ်ဒေသရှိ တော်လှန်ရေးအဖွဲ့များ အနေဖြင့်လည်း နိုင်ငံကြီးသားမပီသသည့် မည်သည့်ဆောင်ရွက်ချက်များကိုမျှ မပြုလုပ်ရန် နှင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ် သယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် အစဥ်တစိုက်ပူးပေါင်းဆောင်ရွက်ကြပါရန်မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် အိန္ဒိယအစိုးရသည် နယ်စပ်ခြံစည်းရိုးကာနေပြီး မြန်မာနိုင်ငံပိုင်နက်ဖက်သို့ တိုးကာနေ၍ တမူးခရိုင်မှပြည်သူ့ကာကွယ်ရေးရဲဘော်များက ကန့်ကွက်တားဆီးမှုများရှိခဲ့သည်။ထိုအခြေအနေ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား သတ်ဖြတ်သည့်လုပ်ရပ်သည် တရားလွန်ကြောင်း တမူးဒေသခံတစ်ဦးကပြောသည်။

“တော်လှန်ရေးရဲဘော်တွေကိုအိန္ဒိယအနေနဲ့ မြန်မာနယ်ထဲဝင်သတ်ဖြတ်လိုက်တာဟာနယ်ချဲ့စစ်မီးကို ရှို့လိုက်တာလား။ပါကစ္စတန် နယ်စပ်မှာလိုနယ်ချဲ့ရုံသက်သက်ပဲလား။သတင်းမဖုံးဖို့လိုပြီ” ဟု တော်လှန်ရေးအင်အားစုဝင်တစ်ဦးကလူမှုကွန်ရက်တွေရေးသားထားသည်။အဆိုပါအမှုကိုစစ်ဆေးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးရန် တမူးမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲ‌‌​ဘော်များကလည်းတောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယက မြန်မာနိုင်ငံပိုင်နက်အတွင်းဝင်၍ ခြံစည်းရိုးကာရံနေမှုကို တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များက ကန့်ကွက်တားမြစ်ထားသော်လည်း ဆက်ကာနေသည့် အိန္ဒိယအစိုးရ၏ လုပ်ရပ်အပေါ် တမူးဒေသခံများနှင့် တော်လှန်ရေးအင်းအားစုများက ပြစ်တင်ရှုတ်ချနေသည်။

Facebook