close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်ခေါင်းဆောင် သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးပြော

ဟားမားစ် အဖွဲ့ရဲ့ ယာယီခေါင်းဆောင် မိုဟာမက် အန်ဝါ သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားသွားပါတယ်။

Reuters

ဟားမားစ် အဖွဲ့ရဲ့ ယာယီခေါင်းဆောင် မိုဟာမက် အန်ဝါ သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဂါဇာတောင်ပိုင်းမှာ အစ္စရေး လေတပ်က ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အန်ဝါ သေဆုံးသွားတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ အထောက်အထား အများအပြား ရထားကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က မေလ ၁၈ ရက်နေ့မှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။

တရားဝင် အတည်မပြုနိုင်သေးဘူး ဆိုပေမယ့် ရထားသမျှ အချက်အလက်တွေ အရတော့ ဆင်ဝါကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီးပြီလို့ ညွှန်ပြနေကြောင်း ကတ်ဇ်က ဆိုပါတယ်။

ဆင်ဝါဟာ အစ္စရေး လက်ချက်ကြောင့်ပဲ သေဆုံးသွားခဲ့တဲ့ ဟားမားစ် ခေါင်းဆောင်ဟောင်း ယာဟ်ယာ ဆင်ဝါရဲ့ ညီဖြစ်ပါတယ်။ သူဟာ အစ်ကိုဖြစ်သူ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလက သေဆုံးသွားခဲ့တဲ့နောက် ဟားမားစ် အဖွဲ့ကို အဓိက ဦးဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ သူဟာ မနှစ်က ဇူလိုင်လ ကတည်းက ဟားမားစ်ရဲ့ လက်နက်ကိုင် အစုအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားခဲ့ပြီးသားပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ဂါဇာတောင်ပိုင်း၊ ခန်ယူနစ်မှာရှိတဲ့ ဆေးရုံ တစ်ခုကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အစ္စရေး မီဒီယာတွေက အဲဒီစစ်ဆင်ရေးဟာ ဆင်ဝါကို ပစ်မှတ်ထားခဲ့တာ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အစ္စရေး စစ်တပ်က ဆေးရုံရဲ့ မြေအောက်မှာ ရှိနေတဲ့ ဟားမားစ် စစ်ရေးကွပ်ကဲမှု ဌာနတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောပေမယ့် ဆင်ဝါနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေနဲ့ ပတ်သက်ပြီး အဲဒီတုန်းက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

အရှေ့အလယ်ပိုင်း ဒေသတွင်း မီဒီယာ တချို့က ဟားမားစ်တွေဟာ ဆေးရုံနားမှာရှိတဲ့ ဥမင်တစ်ခုထဲမှာ ဆင်ဝါနဲ့ နောက်လိုက် ၁၀ ယောက်ဝန်းကျင်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ ဖော်ပြထားပြီး ဟားမားစ် အဖွဲ့ကတော့ ယာယီခေါင်းဆောင်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲပါ။

ခန်ယူနစ်မှာ ဆင်ဝါရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အစ္စရေး စစ်တပ်ကလည်း သီးခြား အတည်ပြုဖို့ ငြင်းဆိုထားပါတယ်။

ကိုးကား: DPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဆေးရုံတစ်ခုကို ဗုံးကြဲခဲ့ကြောင်း အစ္စရေး စစ်တပ်က အတည်ပြုခဲ့ပြီး ဆေးရုံရဲ့ အောက်မှာ လျှို့ဝှက် တည်ဆောက်ထားတဲ့ ဟားမားစ် စစ်ရေးကွပ်ကဲမှု ဌာန တစ်ခုကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။