မေ ၂၀၊၂၀၂၅။ ထားမြတ်၊ရဲခေါင်/People’s Spring
ချင်းတောင်ပေါ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကလေး – သိုင်းငင်းလမ်းမကြီးအား ယာယီပိတ်မည်ဟု CDF-CDM (စီးယင်း)က အရေးပေါ်ထုတ်ပြန်သည်။
ယနေ့(မေလ ၂၀ ရက်) နေ့လယ် ၁၁နာရီနောက်ပိုင်းတွင် လမ်းမကြီး၏ အတက်၊အဆင်းအားလုံးကို ယာယီပိတ်ထားမည်ဖြစ်ကာ ပြည်သူများအနေဖြင့် ကလေး – သိုင်းငင်းလမ်းမကြီးအား အသုံးမပြုရန် ထုတ်ပြန်သည်။
ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်သည့် ကလေး – သိုင်းငင်းလမ်းပိုင်းယာယီပိတ်ထားပြီးအချိန်နောက်ပိုင်း ပြဿနာတစ်ခုမျှ တာဝန်ယူမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement
“မနေ့က(မေလ ၁၉ ရက်)က စကစ အင်အား ၂၀၀ လောက်နဲ့တက်လာတာ။ကားတွေလည်း ၁၀ စီးကျော်ပါတယ်။တိုက်ပွဲအခြေအနေကတော့ မသိရသေးဘူး”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ချင်းတောင်ပေါ်သို့ဦးတည်လာသည့်စစ်ကောင်စီတပ်စစ်ကြောင်း အခြေအနေကို လူထုနွေဦးသို့ ရှင်းပြသည်။
စစ်ကောင်စီတပ်စစ်ကြောင်းအခြေအနေနှင့် ပတ်သက်၍လည်း CDF-CDM (စီးယင်း)၏ စစ်ဦးစီးချုပ် ကိုထောင်းပူထံ လူထုနွေဦး က ဆက်သွယ်နေဆဲ ဖြစ်သည်။
ကလေး-သိုင်းငင်လမ်းမကြီးပေါ်တွင် ခိုင်ကမ်းမြို့၊မွာလ်ပီး၊ထေးဇန်၊ဟိန်ဇိန်နှင့် သိုင်းငင်း ရွာကြီးများရှိသည်။
တီးတိန်မြို့၊သိုင်းငင်းကျေးရွာတွင် စစ်ကောင်စီတပ်က ၂၀၂၂ဇန်နဝါရီကစ၍ အထိုင်ချခဲ့ပြီး အဆိုပါစခန်းကို ချင်းတော်လှန်ရေးတပ်များက ၂၀၂၄ ဇန်နဝါရီ ၁၆ရက်က သိမ်းပိုက်ခဲ့သည်။
သိုင်းငင်းကျေးရွာသည် ကလေး-တီးတိန်လမ်းမပေါ်ရှိ ကလေးမြို့မှ တီးတိန်နှင့်ဖလမ်းမြို့သို့ဆက်သွယ်ထားသည့် လမ်းဆုံတွင် ရှိသည်။
ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရန် တီးတိန်၊ထန်တလန်နှင့် ဟားခါးမြို့ စသည့်သုံးမြို့နယ်သာ ကျန်ရှိသည်။သို့သော် တီးတိန်မြို့တွင် စစ်ကောင်စီ၏ လက်အောက်ခံတပ်အဖြစ် ဒေသခံများက သတ်မှတ်သည့် ဇိုမီးလက်နက်ကိုင်အဖွဲ့ (ZRA)ရှိကာ ချင်းအမျိုးသားတပ်မတော်(CNA)နှင့် မကြာခဏတိုက်ပွဲ ဖြစ်ပွားနေသည်။
