မေ ၂၀၊၂၀၂၅။ ထားမြတ်/People’s Spring
စစ်ကိုင်းငလျင်ကြီးကြောင့်ဆိုကာ အပစ်ရပ်စဲကြောင်းကြေညာထားသည့် စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသများတွင် ပါဝင်သည့် မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်ကို မေလအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
မတ်လ ၂၈ရက်ကလှုပ်ခတ်သော ငလျင်ကြီးအပြီး ဧပြီအတွင်း သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ လူအစုလိုက်၊ အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရသော်လည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဆက်လုပ်နေခြင်းဖြစ်သည်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ သတင်းထုတ်ပြန်ချက်များအရ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာ၊၉မိုင်ရွာနှင့် လမ်းလယ်ကျစ်ရွာကြား၊ ဇရပ်ကွင်းရွာ၊ ရေထွက်ကျေးရွာတို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement
မေလအတွင်း လိပ်ကျရွာအား နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် ဧပြီ ၁၈ရက်က လိပ်ကျရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ဦး သေဆုံးကာ ၃ဦးဒဏ်ရာရခဲ့သည်။ အလားတူ ရေထွက်ကျေးရွာကိုလည်း ဧပြီ ၁၉ရက်က လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၄ဦးထက်မနည်း သေဆုံးကာ ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
ထိုသို့ လေကြောင်းတိုက်ခိုက်ခံရ၍ လူသေဆုံးထိခိုက်များခဲ့သည့် သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျနှင့် ရေထွက်ရွာများကို စစ်ကောင်စီက မေလအတွင်းထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၉ရက်က သပိတ်ကျင်းမြို့နယ် လိပ်ကျရွာရှိ ရွှေလုပ်ကွက် တစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့သည်။ မေလ ၁၈ရက်က သပိတ်ကျင်းမြို့နယ် လိပ်ကျရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ဦး ဒဏ်ရာရခဲ့သည်။
မေလ ၁၅ရက်ကလည်း သပိတ်ကျင်းမြို့နယ် ၉မိုင်ရွာနှင့် လမ်းလယ်ကျစ်ရွာကြား စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ရာ အမျိုးသား ၁ဦး နှင့် အမျိုးသမီး ၁ဦး သေဆံးပြီး ကလေး ၄ဦး နှင့် သံဃာတော် ၁ပါး အပါအဝင် ပြည်သူ ၉ဦး ဒဏ်ရာရခဲ့သည်။
မေလ ၁၀ရက်က သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ မေလ ၇ရက်ကလည်း သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကြောင့် မေလ ၁ရက်မှ ၁၉ရက်အတွင်း သပိတ်ကျင်းမြို့နယ်ရှိ ပြည်သူ ၄ဦးမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီသည် စဉ့်ကူးမြို့နယ်ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ရာ မေလအတွင်း စဉ့်ကူးမြို့နယ် သီလရွာ၊စိုက်ကွင်းရွာ၊ ကျည်တောက် ပေါက်ရွာ၊ လက်ပံလှ၊ ထုံးကြီးရွာတို့ လေကြောင်း တိုက်ခိုက်ခံခဲ့ရသည်။ စိုက်ကွင်းရွာနှင့် လက်ပံလှရွာကို ၂ကြိမ်စီ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၈ရက်က စဉ့်ကူးမြို့နယ် သီလရွာအနီး စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှု မရှိပေ။မေလ ၁၇ရက်က စဉ့်ကူးမြို့နယ် စိုက်ကွင်းရွာကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အဆောက်အဦပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မရှိပေ။
မေလ ၁၁ရက်ကလည်း စဉ့်ကူးမြို့နယ် စိုက်ကွင်းရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့သည်။
မေလ ၁၀ရက်ကလည်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၅ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်။
မေလ ၃ရက်ကလည်း စဉ့်ကူးမြို့နယ် လက်ပံလှရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိပေ။
ထို့အပြင် လက်ပံလှရွာတံတားအနီး လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့၌ပင် စဉ့်ကူးမြို့နယ် ထုံးကြီးရွာကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်။
မေလ ၁ရက်မှ ၁၉ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် စဉ့်ကူးမြို့နယ်ရှိ ပြည်သူ ၆ဦးထက်မနည်းသေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့သည်။
ထို့အပြင် ပြင်ဦးလွင်ခရိုင်အတွင်းရှိ မတ္တရာနှင့် မိုးကုတ်မြို့နယ်များကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ ထိခိုက်သေဆုံးမှုရှိခဲ့သည်။
စစ်ကောင်စီက အပြောနှင့် အလုပ်မညီဘဲ လေကြောင်း တိုက်ခိုက်မှုများကို အပြင်းထန်ဆုံး ပြုလုပ်နေ၍ လေကြောင်းရန် သတိပြုနေထိုင်ရန်နှင့် ပုန်းခိုချင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက တိုက်တွန်းနှိုးဆော်ထားသည်။
