ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဘရာဇီး ခရစ်ယာန် သီလရှင်ကြီး အင်နာ ကန်ဘာရို လူးကက်စ်ဟာ အသက် ၁၁၆ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဧပြီ ၃၀ ရက်နေ့တုန်းက ဘရာဇီးရဲ့ ပို့တ် အလီဂရီမြို့မှာ သီလရှင်ကြီး အင်နာ ကွယ်လွန်သွားတယ် ဆိုတာကို မိသားစုဝင်တွေက အတည်ပြုခဲ့ပါတယ်။
သူဟာ ၁၉၀၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၁၉ နှစ် အရွယ်ကတည်းက ပို့တ် အလီဂရီမှာ ရှိနေတဲ့ တယ်ရစ်ရှန် ဘရာဇီး သီလရှင်များ အသင်းမှာ သီလရှင်အဖြစ် ခံယူခဲ့ပါတယ်။
သူဘာကြောင့် အဲဒီလောက် အသက်ရှည်သလဲလို့ အင်တာဗျူး တစ်ခုက မေးကြည့်တဲ့အခါ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေအတွက် နေ့တိုင်း ဘုရားသခင်ဆီမှာ စေတနာထား ဆုတောင်းပေးလို့ ဖြစ်နိုင်ကြောင်း သီလရှင်ကြီး အင်နာက ဖြေခဲ့ဖူးပါတယ်။

Public Service Announcement
သူဟာ ဘရာဇီးမှာ ထင်ရှားတဲ့ တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဒေးဗစ် ကန်နာဘာရိုရဲ့ မြစ်တော်စပ်ပါတယ်။ ရာစုနှစ် တစ်ခုကျော် ကြာတဲ့ထိ ဖြတ်သန်း နေထိုင်ခဲ့တဲ့ ကာလတလျှောက် သီလရှင်ကြီး အင်နာဟာ မြောက်မြားလှစွာသော ကမ္ဘာ့အရေးအခင်း အလှည့်အပြောင်းတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ သူဟာ ကမ္ဘာစစ် နှစ်ခုကို ဖြတ်သန်း ကြုံကြိုက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ၁၀ ပါးကို မြင်ခွင့်ရခဲ့ပါတယ်။
သီလရှင်ကြီးဟာ ဘောလုံးပွဲ ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပြီး ဘရာဇီးကလပ် အင်တာနေစီယွန်ယ်လ်ကို အားပေးပါတယ်။ အဲဒီ ဘောလုံးကလပ်ရဲ့ သက်တမ်းဟာ သူ့ထက် ၁ နှစ်ငယ်ပါတယ်။
သီလရှင်ကြီး အင်နာ ကွယ်လွန်သွားတဲ့နောက် အင်္ဂလိပ် အမျိုးသမီးကြီး အီသယ်လ် ကာတာဟမ်ဟာ လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ကာတာဟမ်ဟာ ၁၉၀၉ ခုနှစ်၊ ဩဂုတ် ၂၁ ရက်မှာ မွေးဖွားပြီး အသက် ၁၁၅ နှစ် ရှိပြီလို့ သိရပါတယ်။
ကိုးကား: Catholic World Press
