ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါရာဂွေး အစိုးရဟာ တရုတ် သံအရာရှိ တစ်ဦးကို နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။
ပါရာဂွေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုဝေရဲ့ ဗီဇာကို ရုပ်သိမ်းလိုက်ပြီး အဲဒီ တရုတ် သံအရာရှိဟာ ၂၄ နာရီအတွင်း ထွက်ခွာရမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အကြောင်းကတော့ လက်တင်အမေရိက ဒေသတွင်း နိုင်ငံက ထိုင်ဝမ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးကို ကာလရှည်ကြာ ထိန်းသိမ်းထားရာကနေ အဆုံးသတ်ဖို့ အဲဒီ သံအရာရှိက တောင်းဆိုခဲ့လို့ ဖြစ်ပါတယ်။ သူဟာ ပါရာဂွေးမှာ အမြဲတမ်း တာဝန်ချထား ခံရတာမျိုး မဟုတ်ဘဲ ယူနက်စကို ညီလာခံတစ်ခု တက်ရောက်ဖို့ ရောက်နေတဲ့အချိန် နှင်ထုတ်ခြင်း ခံခဲ့ရတာပါ။
နိုင်ငံရဲ့ ပြည်တွင်းရေး မူဝါဒကို ဝင်စွက်ဖက်တဲ့အတွက် ရှုကို မလိုလားအပ်တဲ့ လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ စာရင်းသွင်း သတ်မှတ်လိုက်တယ်လို့ ပါရာဂွေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဓိပ္ပါယ်ကတော့ သူ့ကို ပြည်တွင်းမှာ ဆက်ပြီး လက်ခံမထားတော့ဘူးဆိုတဲ့ သဘောပါပဲ။

Public Service Announcement
ရှုဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ပါရာဂွေးရဲ့မြို့တော် အဆွန်စီယိုမှာ ယူနက်စကို အစည်းအဝေး တက်ရောက်ရင်း ထိုင်ဝမ်ကို စွန့်ခွာဖို့ ပါရာဂွေး အစိုးရကို တိုက်တွန်း ပြောဆိုခဲ့တဲ့အတွက် သံတမန်ရေးရာ အငြင်းပွားစရာ အခြေအနေတွေ ပေါ်ပေါက်ခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ သိမ်းယူမယ်လို့ ကြွေးကြော်ထားပေမယ့် လူဦးရေ ၂၃ သန်းလောက် နေထိုင်ပြီး ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံကတော့ ကိုယ်ပိုင် ရပ်တည်မှုကိုသာ လိုလားနေပါတယ်။
အဲဒီအတွက် တရုတ်ဟာ ထိုင်ဝမ်ကို ကမ္ဘာ့အလယ်မှာ အထီးကျန်စေဖို့ သံတမန်ရေး လမ်းကြောင်းတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး ဖြတ်တောက်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်ဝမ်ကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အဖြစ် သံတမန်ရေးအရ တိုက်ရိုက်ဆက်ဆံနေတဲ့ ကမ္ဘာ့နိုင်ငံ တစ်ဒါဇင်လောက်သာ ရှိပြီး လက်တင်အမေရိက ဒေသထဲမှာဆိုရင် ပါရာဂွေး တစ်နိုင်ငံတည်းပဲ ကျန်ပါတော့တယ်။
အရင်တုန်းက တခြားလက်တင် အမေရိက ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဟွန်းဒူးရပ်စ်၊ ပနားမား၊ ဒိုမီနီကန်နဲ့ အယ်လ်ဆာဗေးဒိုးတို့ကလည်း ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေး ထူထောင်ထားခဲ့ပေမယ့် တရုတ်ရဲ့ နည်းလမ်းမျိုးစုံ သိမ်းသွင်းမှုတွေကြောင့် အသီးသီး အဆက်အသွယ် ဖြတ်တောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။
ကိုးကား: CNN
