သမ္မတကို ရာထူးက ဖြုတ်ချနိုင်ရေးအတွက် လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှု အဆိုတင်ဖို့ တောင်ကိုရီးယား အဓိက နိုင်ငံရေး ပါတီတွေ ဆွေးနွေးနေကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက သမ္မတ ယွန်ဆွတ်ခ်ယော ရုတ်တရက် ကြေညာခဲ့ပြီး သက်တမ်းတိုတိုနဲ့ ပြီးဆုံးခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာမှု အမိန့်နဲ့ ပတ်သက်ပြီး ယွန်ကို စွပ်စွဲ အပြစ်တင်ရေး အဆိုတင်နိုင်ဖို့ အဓိက အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ဦးဆောင်ပြီး အစည်းအဝေး လုပ်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ အစည်းအဝေးမှာ အဲဒီ အဆိုအတွက် လုံလောက်တဲ့ ထောက်ခံမဲ အရေအတွက် ရရှိမယ်ဆိုတာ သေချာတာနဲ့ လွှတ်တော်မှာ မဲခွဲရေး အဆိုတင်ဖို့ အစပြုသွားမယ်လို့ ဒီမိုကရက်တစ် ပါတီက ပြောပါတယ်။ မူလကတော့ အဲဒီ မဲခွဲမှုကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။
သမ္မတဟာ နိုင်ငံကို အကြီးအကျယ် အန္တရာယ် ကြုံစေတဲ့ လုပ်ရပ်မျိုး ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ အပြစ်တင်မယ့်အဆို အထမြောက်စေဖို့အတွက် လွှတ်တော်အမတ် ၃၀၀ ထဲက ၂၀၀ ဟာ အဆိုကို ထောက်ခံဖို့ လိုပါတယ်။ အဲဒီအဆို အထမြောက်ရင် ယွန်ရဲ့ သမ္မတ တာဝန်တွေ ဆိုင်းငံ့ ခံရမှာဖြစ်ပြီး သူ့ကို ရာထူးကနေ တရားဝင် ထုတ်ပယ်ဖို့ကိုတော့ တရားရုံးချုပ်က ဆက်လက် ဆုံးဖြတ်ရမှာပါ။

Public Service Announcement
လောလောဆယ်တော့ အတိုက်အခံ အင်အားစုတွေဟာ ဆန္ဒမဲပေါင်း ၁၉၂ ခုကို စုစည်းထားနိုင်ပြီဖြစ်ပြီး အဆိုကို အတည်ပြုဖို့အတွက် နောက်ထပ် အနည်းဆုံး ၈ မဲ လိုအပ်နေပါတယ်။ အဲဒီမဲတွေကို ယွန်ကိုယ်စားပြုတဲ့ အာဏာရ ပြည်သူ့ စွမ်းအား ပါတီဖက်ကနေ ရယူနိုင်ဖို့ လိုပါတယ်။ အာဏာရပါတီ အကြီးအကဲက အတိုက်အခံတွေရဲ့ မဲခွဲမယ့် ကိစ္စကို တားမြစ်မယ်လို့ ပြောကြားထားပေမယ့်လည်း ညှိနှိုင်းမှုတွေအရ သူ့ရဲ့ပါတီထဲမှာတင် အခုကိစ္စမှာ အတိုက်အခံတွေနဲ့ ပူးပေါင်းပြီး မဲပေးချင်သူတွေ ရှိနေတယ်လို့ သိရပါတယ်။
ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုဟာ သူ့ရဲ့ ကိုယ်စားပြုပါတီ အပါအဝင် တစ်နိုင်ငံလုံးကို မင်သက် တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့လည်း အတိုက်အခံတွေ ဦးဆောင်ပြီး လွှတ်တော်ရဲ့ မဲခွဲ ဆုံးဖြတ်ချက်နဲ့ အဲဒီ အမိန့်ကို နာရီပိုင်းအတွင်း ပယ်ဖျက်နိုင်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်မှုကို မဲပေးရာမှာ ယွန်ကိုယ်စားပြုတဲ့ အာဏာရပါတီ အမတ်တွေ ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။
ယွန်က လွှတ်တော်ထဲမှာ မြောက်ကိုရီးယား လိုလားသူတွေနဲ့ နိုင်ငံကို ဖျက်ဆီးဖို့ ကြံစည်နေသူတွေ လွှမ်းမိုးနေတာကို တန်ပြန်ဖို့အတွက် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့တာလို့ အကြောင်းပြပေမယ့် လေ့လာသူတွေကတော့ အတိုက်အခံတွေက လွှတ်တော်ထဲမှာ အားကောင်းနေပြီး သမ္မတရဲ့ မူဝါဒ မှန်သမျှကို ပိတ်ပင် နှောင့်ယှက်နေတာကြောင့် ယွန်က အခုလိုမျိုး အန္တရာယ်များတဲ့ အလောင်းအစားကို ရွေးချယ်ခဲ့တာလို့ မှတ်ချက်ပေးထားကြပါတယ်။
ကိုးကား: BBC
