အင်ကြင်း/People’s Spring
စစ်မှုထမ်းရန်လူလိုနေ၍ စစ်ကောင်စီက မန္တလေးမြို့တွင် နေအိမ်များအတွင်းထိ အချိန်မတော်လိုက်လံဖမ်းဆီးနေပြီး သုံးရက်အတွင်း လူငယ် ၂၅ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၃ ရက် နံနက် ၂နာရီခန့်က မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အရှေ့အကွက် (၄၃၃) (၄၃၂) အရာတော်၊ မန်းတော်သာရပ်နေ ဆိုင်ကယ်ဝပ်ရှော့လုပ်သူ လူငယ်တစ်ဦးအား အုပ်ချုပ်ရေးမှူး မန်းဝင်းဆိုသူ ဦးဆောင်ကာ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြေပြင်ကင်းထောက်အဖွဲ့ Voice Of Mandalay အဖွဲ့က အသိပေးသည်။
အလားတူ ဒီဇင်ဘာ ၄ရက် နံနက် ၁၀နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ ၇၆လမ်းနှင့် ၇၇လမ်းကြား၊ ၃၅လမ်းနှင့် ၃၇လမ်းကြားတွင် ဟေမမာလာ မြောက်ရပ်ကွက်ရုံးမှ ပျူစောထီးများက ရွှေချည်ထိုးရပ်ကွက်နှင့် ဓါးဝယ် ရပ်ကွက်တို့မှ လူငယ် နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Mandalay အဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement
ဒီဇင်ဘာ ၅ ရက် ည ၉နာရီခန့်ကလည်း ၈၉လမ်း၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြားရှိ လူငယ် နှစ်ဦးအား စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထိုနေ့ညကပင် ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော် ကွက်သစ်ရပ်မှ လူငယ် ငါးဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
” ရထားသံလမ်းဘေးနေတဲ့ ရပ်ကွက်ထဲကလူတွေကို ဝင်ဆွဲသွားတာ”ဟု ၎င်းရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ပြောသည်။
ယနေ့ (ဒီဇင်ဘာ ၆ရက်)နံနက် ၁နာရီခန့်ကလည်းပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်အား စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး လူငယ် ၁၅ဦးခန့်အား ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ထပ်မံထုတ်ပြန်သည်။
“တချို့ကလည်း စာရင်းပါထားပြီး ဆွဲခံရတာ။ တချို့ကျ စာရင်းမပါသေးဘဲနဲ့ အဆွဲခံရတာ။”ဟု မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မန္တလေးမြို့နယ်အသီးသီးမှ စစ်မှုထမ်းရန်လူငယ်များ ခေါ်ယူခဲ့ပြီး လူငယ် အချို့မှာ ထွက်ပြေးတိမ်းရှောင်မှုများရှိ၍ ညအချိန်တွင် ဖမ်းဆီးခေါ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။
အထက်ပါစာရင်းများအရ သုံးရက်အတွင်း လူငယ် ၂၅ဦးအထိ ဖမ်းဆီးခံရခြင်းဖြစ်ပြီးယခုအရေအတွက်ထက် ပို၍ ဖမ်းဆီးခံရသူများလည်း ရှိနိုင်ကြောင်း မန္တလေးမြို့ခံအချို့က ပြောသည်။
ထို့အပြင် စစ်ကောင်စီက လူငယ်များအား ထပ်မံဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ၍ ပြည်သူအချင်းချင်းသတိပေးနေရကြောင်း မြို့ခံအချို့က ပြောသည်။
“ညတွေဆို ဘယ်မှမထွက်ခိုင်းဘူး။ ပေါ်တာဆွဲမယ်သတင်းကြားလို့။”ဟု ချမ်းမြသာစည်မြို့နယ်နေ ဆယ်ကျော်သက်လူငယ်တစ်ဦး၏ အဘိုးဖြစ်သူက ပြောသည်။
စစ်ကောင်စီသည် နိုဝင်ဘာပထမလဝက်အတွင်းကလည်း မန္တလေး၊တံတားဦး၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ မလှိုင်နှင့် မိတ္ထီလာမြို့နယ် များမှ လူငယ် ရာနှင့်ချီ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။
စစ်မှုထမ်းဥပဒေကို စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၁၀ နိုဝင်ဘာတွင် ပြဌာန်းခဲ့သည်။၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်တွင် စတင်ကျင့်သုံးကြောင်း ဧပြီကစ၍ နိုင်ငံတဝန်းရှိလူငယ်များအား စစ်မှုထမ်းခေါ်ဆိုခဲ့ရာ ယခုအခါ အပတ်စဥ်(၇)သို့ ရောက်ရှိနေပြီဖြစ်သည်။















































