စစ်အုပ်ချုပ်ရေးအမိန့် ရုတ်တရက် ထုတ်ပြန် ကြေညာခဲ့တာနဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတက တောင်းပန်စကား ပြောခဲ့ပြီး နောက်တစ်ကြိမ် ဒီလိုအဖြစ်မျိုး ထပ်မရှိစေရဘူးလို့ ကတိပြုသွားခဲ့ပါတယ်။
လောလောဆယ်မှာတော့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်အတွက် ရာထူးကနေ ဖယ်ရှားခံရနိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ကြုံတွေ့နေပါပြီ။ အတိုက်အခံ အင်အားစုတွေဟာ သမ္မတရဲ့ လုပ်ရပ်က နိုင်ငံကို အကြီးအကျယ် အန္တရာယ် ဖြစ်စေခဲ့တယ်လို့ စွပ်စွဲပြီး သမ္မတကို တရားဝင် စွပ်စွဲပြစ်တင်နိုင်ရေး အဆိုအတွက် ထောက်ခံမယ့် အမတ်အင်အားကို စုစည်းနေပါတယ်။
တကယ်လို့ လွှတ်တော်အမတ် အင်အား ၃၀၀ ထဲက သုံးပုံနှစ်ပုံကိုသာ စုစည်းမိခဲ့မယ် ဆိုရင်တော့ အတိုက်အခံတွေ ဦးဆောင်ပြီး သမ္မတကို စွပ်စွဲရှုတ်ချ အပြစ်တင်တဲ့ အဆိုကို လွှတ်တော်မှာ မဲခွဲ အတည်ပြုပြီး ယွန်ကို ရာထူးကနေ ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ အတိုက်အခံ လွှတ်တော်အမတ်တွေ ဦးဆောင်ပြီး လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ် ပယ်ချမှုကြောင့် မအောင်မြင်ခဲ့ဘဲ သက်တမ်း ၆ နာရီကျော် အကြာမှာပဲ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

Public Service Announcement
အဲဒီနောက် ယွန်ဟာ တောက်လျှောက် နှုတ်ဆိတ်နေခဲ့ရာက ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းမှာ ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေမှာ ထိခိုက်တုန်လှုပ်သွားခဲ့ရသူ တစ်ဦးချင်းစီကို အလေးအနက် တောင်းပန်ပါတယ်လို့ ယွန်က ဆိုပါတယ်။ သူက နောက်တစ်ကြိမ် ဒီကိစ္စမျိုး ထပ်မဖြစ်နိုင်တော့ဘူး ဆိုတာကို ခပ်တိုတို မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပေမယ့် ဒီဇင်ဘာ ၆ ရက်နေ့ တစ်နေ့လုံး လွှတ်တော် အမတ်တွေက သူ့ကို ဖြုတ်ချဖို့ ဆွေးနွေးနေတဲ့ အကြောင်းကိုတော့ ဘာမှတ်ချက်မှ ပေးမသွားခဲ့ပါဘူး။
သူကိုယ်စားပြုခဲ့တဲ့ အာဏာရ ပြည်သူ့စွမ်းအား ပါတီရဲ့ အကြီးအကဲ ဟန်ဒေါင်ဟွန်ကတော့ ယွန်ဟာ သူ့ရဲ့ သမ္မတ တာဝန်တွေကို ပုံမှန်ဆက်လက် ထမ်းဆောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်လောက်တော့ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ ယွန်ဟာ သတ်မှတ်ရာထူးသက်တမ်း မစေ့ခင် နုတ်ထွက်ရမယ်ဆိုတဲ့ အခြေအနေကနေ လွတ်မြောက်တော့မှာ မဟုတ်ကြောင်း ဟန်က သမ္မတရဲ့ မိန့်ခွန်းအပြီးမှာ ပြောကြားခဲ့ပါတယ်။
အတိုက်အခံ အင်အားစုတွေကတော့ ယွန်ကို ရာထူးက ဖယ်ရှားနိုင်ရေးအတွက် ဒီဇင်ဘာ ၇ ရက်မှာ ဆက်လက် တွန်းအားပေး စည်းရုံးနေဖွယ် ရှိပါတယ်။ အတိုက်အခံတွေဟာ လွှတ်တော်အမတ် ၃၀၀ ထဲမှာ ၁၉၂ ယောက်ဆီက ထောက်ခံမှုကို စုစည်းထားနိုင်ပေမယ့် ယွန်ကို ဖယ်ရှားရေးအဆို အထမြောက်ဖို့အတွက် အာဏာရ ပါတီအမတ် အနည်းဆုံး ၈ ယောက်ရဲ့ ပူးပေါင်းမှုကို လိုအပ်နေပါတယ်။ ဟန်ကတော့ ယွန်ကို ဖယ်ရှားရေး ကိစ္စမှာ အတိုက်အခံတွေနဲ့ သွားရောက်ပူးပေါင်းဖို့ ငြင်းဆိုထားပြီး အဲဒီအစား သမ္မတ ကိုယ်တိုင်က နုတ်ထွက်တာမျိုးကို လိုလားနေဖွယ် ရှိပါတယ်။
အတိုက်အခံခေါင်းဆောင် လီဂျေမြောင်ကတော့ သမ္မတယွန်ရဲ့ ပထမဆုံးအကြိမ် ဖြေရှင်းချက် မိန့်ခွန်းကို စိတ်ပျက်လက်ပျက် ဝေဖန်ခဲ့ပြီး သစ္စာဖောက်ခြင်း ခံရတယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ခံစားချက်နဲ့ ဒေါသတွေကို ပိုဆိုးသွားစေရုံသာ ရှိလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
ယွန်ဟာ စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာချိန်မှာ မြောက်ကိုရီးယား အလိုတော်ရိတွေနဲ့ ပြည်ဖျက်အင်အားစုတွေကို တွန်းလှန်ဖို့ ဆိုတာမျိုး အကြောင်းပြခဲ့ပေမယ့် လက်တွေ့မှာတော့ သူ့ရဲ့ နိုင်ငံရေး အကျပ်အတည်း အခြေအနေတွေကြောင့် ဘေးကျပ်နံကျပ် ဖြစ်ရာက အလောင်းအစားဆန်ဆန် ထွက်ပေါက်ရှာခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တယ်ဆိုတာ ပိုပြီး ထင်ရှား မြင်သာလာနေပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့် မကြေညာခင် အခြေအနေအရ ယွန်ဟာ ပြည်တွင်းမှာ လူထုထောက်ခံမှုနှုန်း ကျဆင်းနေခဲ့ပြီး အဂတိ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရသလို လွှတ်တော်ထဲမှာ အတိုက်အခံ အင်အားစုတွေက အသာစီး အနေအထား ရရှိနေတာကြောင့် သူ့အစိုးရရဲ့ မူဝါဒသစ်နဲ့ အသုံးစရိတ် အစီအမံ မှန်သမျှကို နှောင့်ယှက် ဆန့်ကျင်မှုတွေကို ကြုံတွေ့နေခဲ့ရပါတယ်။
ကိုးကား: CNN
