သမ္မတ ယွန်ဆွတ်ခ်ယောဟာ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက ယွန်ဟာ စစ်အုပ်ချုပ်ရေး အမိန့်ကို အရေးပေါ် ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး ဂယက်ထသွားစေခဲ့တာနဲ့ ပတ်သက်လို့ အတိုက်အခံတွေဆီက ပြင်းထန်တဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့နောက် ရဲတပ်ဖွဲ့က အခုလို စုံစမ်းမှု စတင်လာတာ ဖြစ်ပါတယ်။
ယွန်ရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ဟာ လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ် ပယ်ချမှု၊ ပြည်သူတွေရဲ့ အပြင်းအထန် ဆန့်ကျင်မှုတွေကြောင့် သက်တမ်း ၆ နာရီ အကြာမှာပဲ ရုပ်သိမ်းခဲ့ရပါတယ်။ ဒါဟာ တောင်ကိုရီးယား နိုင်ငံ သမိုင်းမှာတော့ ၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကြေညာတဲ့ စစ်အုပ်ချုပ်ရေး အမိန့်အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
ယွန်နဲ့ အစိုးရ အဖွဲ့ထဲက တချို့သော အရာရှိကြီးတွေဟာ ဒီဇင်ဘာ ၃ ရက် ညပိုင်းက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် ပုန်ကန်မှုမြောက်တဲ့ ပြစ်မှုမျိုးတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခဲ့တဲ့နောက် ရဲတွေက အဲဒီကိစ္စကို အာရုံစိုက် စုံစမ်းနေတာ ဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်ဟာ သမ္မတ ကိုယ်တိုင်တောင် လွတ်ငြိမ်းချမ်းသာခွင့် မရနိုင်တဲ့ ပြစ်မှုနှစ်ခုထဲမှာ ပါဝင်ပါတယ်။

Public Service Announcement
ဒါပေမဲ့ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာချိန် အတောအတွင်း ဘယ်အရာရှိတွေက ဘယ်လို ညွှန်ကြားချက်တွေ ပေးခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို ယွန်ကိုယ်တိုင်ကလည်း နှုတ်ဆိတ်နေတာကြောင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် သမ္မတဟာ တောင်ကိုရီးယား ရဲတပ်ဖွဲ့ အကြီးအကဲနဲ့ အမှုစစ်ချုပ်တွေကို ခန့်အပ်နိုင်၊ ထုတ်ပယ်နိုင်တဲ့ အာဏာလည်း ပိုင်ဆိုင်ထားပါတယ်။
လောလောဆယ်မှာတော့ တောင်ကိုရီးယား လွှတ်တော်ကို အင်အားအသာစီးနဲ့ ထိန်းချုပ်ထားတဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ တခြားပါတီငယ်တွေကိုပါ စည်းရုံးပြီး ယွန်ကို တရားဝင် စွပ်စွဲပြစ်တင်မှု အဆိုတင်ဖို့ စီစဉ်နေပါတယ်။ အဲဒီအဆိုကို လွှတ်တော်ထဲမှာ မဲခွဲ အတည်ပြုနိုင်မယ်ဆိုရင် သမ္မတဟာ ရာထူးကနေ ဖယ်ရှား ခံရမှာပါ။ အဆို အောင်မြင်ဖို့ဆိုရင် အမတ် ၃၀၀ ထဲက ၃ ပုံ ၂ ပုံဖြစ်တဲ့ အမတ်ဦးရေ ၂၀၀ ဟာ အဆိုကို ထောက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အတိုက်အခံတွေဟာ အမတ်နေရာ အများဆုံး ၁၉၂ နေရာထိ စည်းရုံးနိုင်ခြေ ရှိပါတယ်။
ယွန်ကိုယ်စားပြုတဲ့ ပြည်သူ့စွမ်းအား ပါတီကတော့ လွှတ်တော်ထဲမှာ အမတ် ၁၀၈ နေရာကို ထိန်းသိမ်းထားပါတယ်။ ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်က ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုကို ရှုတ်ချထားသလို ယွန်ကိုလည်း ပါတီကနေ ထွက်ခွာဖို့ တောင်းဆိုသွားမယ်လို့ ပြောပေမယ့် အတိုက်အခံတွေ စီစဉ်နေတဲ့ စွပ်စွဲအပြစ်တင်ရေး အဆိုကိုတော့ သူ့ပါတီက မဲပေး ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
တကယ်လို့သာ ယွန်ရဲ့ ပါတီကို ကိုယ်စားပြုတဲ့ အမတ်တချို့ကပါ ထောက်ခံလို့ အဆို အောင်မြင်ခဲ့မယ် ဆိုရင်တော့ ယွန်ဟာ သမ္မတ အဖြစ်ကနေ ဖယ်ရှားခံရဖို့ ထိုက်တန်သလား ဆိုတာကို တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ယွန်ကို ရာထူးကနေ ဆိုင်းငံ့ထားတဲ့ အချိန်တွေမှာ ဝန်ကြီးချုပ် ဟန်ဒက်ဆူက ယာယီ သမ္မတအဖြစ် တာဝန်ယူထားရမှာပါ။ သမ္မတကို တရားဝင် ဖယ်ရှားလိုက်ပြီ ဆိုရင်တော့ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယား သမိုင်းမှာတော့ အဲဒီလို အခြေအနေမျိုးကြောင့် ရာထူးစွန့်ခဲ့ရတဲ့ သမ္မတဆိုလို့ ပက်ခ်ဂွမ်ဟေး တစ်ဦးတည်းသာ ရှိခဲ့ပြီး အဂတိ စွပ်စွဲမှုတွေနဲ့ အကြီးအကျယ် နာမည်ပျက်ခဲ့ရာက ၂၀၁၇ ခုနှစ်မှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုးကား: Reuters
