close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေဒဏ်ကို သက်ကြီးရွယ်အိုတွေလည်း အပြင်းအထန် ခံစားနေရ

စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေ လက်နက်ကိုင်အစုအဖွဲ့တွေဟာ သက်ကြီးရွယ်အို ၂၂၉ ယောက်လောက်ကို ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ခေါင်းဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့တာ၊ သေနတ်နဲ့ တေ့ပစ်တာမျိုး နည်းလမ်းတွေကို အသုံးပြုခဲ့ကြတယ်လို့ Human Rights Myanmarက ဖော်ပြ

စေတုတ္တရာမြို့နယ်၊လုံးစွန်ရွာကိုစစ်​ကောင်စီတပ်ကဧပြီလ၂၄ ရက်တွင်မီး​လောင်ဗုံးကြဲချပြီး​နောက် တစ်ရွာလုံးမီး​လောင်ပြီး​နောက် မီး​လောင်ပြင်မှအဖွားအို။ ဓါတ်ပုံ-CJ

ဧပြီ-၂၈၊၂၀၂၅။People’s Spring

အာဏာသိမ်း မြန်မာ စစ်ကောင်စီက လူထုအပေါ် ရက်စက်ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေမှာ သက်ကြီးရွယ်အိုတွေ အများအပြားလည်း နာကျင်ထိခိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ Human Rights Myanmarက ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့အမျိုးမျိုးသောလူ့အခွင့်အရေး ချိုးဖောက်မှုတွေအောက်မှာ လူတန်းစား အလွှာပေါင်းစုံ ထိခိုက်နစ်နာနေရတဲ့ အခြေအနေမှာ သက်ကြီးရွယ်အိုတွေ၊ တစ်နည်းအားဖြင့်အသက်၆၀ အထက် အရွယ်တွေ ကြုံနေရတဲ့ ဒုက္ခတွေနဲ့ ပတ်သက်ပြီး သတိမမူဘဲ ဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ အသွားအလာ နှေးကွေးလေးလံတာ၊ နာတာရှည် ဝေဒနာ စွဲကပ်တာနဲ့ တခြားသော ထိခိုက်အားနည်းမှုတွေကြောင့် သက်ကြီးရွယ်အိုတွေဟာ ပဋိပက္ခတွေရဲ့ ဒဏ်ကို ပိုပြီး ခါးစည်း ခံရလေ့ ရှိပါတယ်။

ကုလသမဂ္ဂဆီ တင်သွင်းထားတဲ့ Human Rights Myanmarရဲ့ အစီရင်ခံစာမှာတော့ ပြည်တွင်းစစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ရင်ဆိုင် ဖြတ်သန်းနေရတဲ့ ကြမ်းတမ်းတဲ့အရှိတရားတွေကို မီးမောင်းထိုးပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲတွေရဲ့ဘေးထွက်သက်ရောက်မှုတွေအတွင်း ထိခိုက်သေဆုံးနိုင်ခြေတွေအပြင်စစ်ကောင်စီ တပ်သားတွေဟာ အရပ်သား သက်ကြီးရွယ်အိုတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပြီးရက်ရက်စက်စက်သတ်ဖြတ်တာတွေကိုပါ ကျူးလွန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအပြီး ၄ နှစ်တာအတွင်း ပဋိပက္ခတွေနဲ့ ဆက်စပ်တဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးမှု ၇၀၀ နီးပါးလောက်ကို စာရင်းရရှိထားပြီး အဲဒီထဲမှာ တမင်ရည်ရွယ်ပြီး သတ်ဖြတ်တာတွေ၊ စစ်ဘက်အရပ်ဖက် မခွဲဘဲ တိုက်ခိုက်မှုတွေအတွင်း သေဆုံးတာတွေ ပါဝင်ခဲ့ပါတယ်။

သက်ကြီးရွယ်အိုတွေ သေဆုံးခဲ့တဲ့ ၆၇၈ ယောက် စာရင်းမှာ အသက် ၆၀ နဲ့ ၆၉ နှစ်ကြား အရွယ်တွေက ၆၀ ရာခိုင်နှုန်းနဲ့ အများဆုံး ပါဝင်နေပြီး ၇၀ နဲ့ ၇၉ နှစ်ကြား အရွယ်တွေလည်း ၁၃ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ မီးမွှေးခဲ့တဲ့ ပဋိပက္ခတွေအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်ကတော့ ၁၀၅ နှစ် ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက စစ်ကိုင်းတိုင်းမှာ စစ်သားတွေက သက်ကြီးရွယ်အို ၈ ယောက်ကို ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး ၂ ယောက်ကို ခေါင်းဖြတ်၊ ၆ ယောက်ကို သေတဲ့ထိ ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်မျိုးက ပဋိပက္ခ နယ်မြေတွေမှာ စစ်ကောင်စီတပ်က သက်ကြီးရွယ်အိုတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတဲ့ သဘောထားကို ပေါ်လွင်စေခဲ့ပါတယ်။

ဘုတလင်မြို့နယ်၊စီပါရွာမှာ ၂၀၂၄ ​အောက်တိုဘာ ၁၇ ရက်မှာစစ်တပ်ကသားဖြစ်သူ​ကိုသတ်၍ ​ဦး​ခေါင်းကိုခြံသည်းရိုးချိတ်ခဲ့ရာ သား၏ ဦး​ခေါင်းချိတ်ခံခဲ့ရ​​သော​နေရာကို​​ငေးကြည့်​နေ​သောမိခင်။ ဓါတ်ပုံ-CJ

မြန်မာနိုင်ငံမှာတော့ပဋိပက္ခတွေနဲ့ဆက်စပ်တဲ့သက်ကြီးရွယ်အိုတွေ သေဆုံးမှုမှာ အနည်းဆုံး ၃၇ ရာခိုင်နှုန်းလောက်ဟာ ဥပဒေမဲ့ ကွပ်မျက်မှုတွေကြောင့်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေ လက်နက်ကိုင်အစုအဖွဲ့တွေဟာ သက်ကြီးရွယ်အို ၂၂၉ ယောက်လောက်ကို ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ခေါင်းဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့တာ၊ သေနတ်နဲ့ တေ့ပစ်တာမျိုး နည်းလမ်းတွေကို အသုံးပြုခဲ့ကြတယ်လို့ Human Rights Myanmarက ဖော်ပြထားခဲ့ပါတယ်။

တုန်လှုပ်စရာ ဥပမာ တစ်ခုအဖြစ် ၂၀၂၅ ခုနှစ်ထဲမှာ အသက် ၉၃ နှစ်အရွယ် အဖွားအို တစ်ဦးဟာ သူ့ရွာကို မီးတင်ရှို့မယ့် စစ်သားတွေကို ဟန့်တားမိလို့ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

သက်ကြီးရွယ်အိုတွေ သေဆုံးမှုမှာ နှိပ်စက်ရာက လက်လွန်သွားတဲ့ အခြေအနေတွေလည်း အကျုံးဝင်ပါတယ်။ အနည်းဆုံး ၂၆ ဦးလောက်ဟာ စစ်သားတွေရဲ့ ကြမ်းတမ်းရက်စက်တဲ့ ဆက်ဆံမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ နှိပ်စက်မှုတွေမှာဝေဒနာခံစားနေရသူတွေကို ဆေးကုသခွင့် မပေးတာ၊ အချိန်ကြာကြာ ဝေဒနာ ခံစားရတဲ့ နည်းတွေကို သုံးတာတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီးစစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်အသက် ၆၀ အထက်အရွယ် ၅၀၀ ဝန်းကျင်လောက်ဟာလည်းအဓမ္မဖမ်းဆီးခံရတာ၊အကျဉ်းချခံရတာတွေ ကြုံခဲ့ရကြောင်း Human Rights Myanmar အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာက မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီရဲ့ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုတွေက ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုတာကို မီးမောင်းထိုးပြထားပါတယ်။ပြီးတော့ နိုင်ငံတက အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် တားဆီးပြီး လုံခြုံမှု ကင်းမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီကာကွယ်ပေးကြဖို့လည်း Human Rights Myanmarကတိုက်တွန်းထားခဲ့ပါတယ်။

ကိုးကား- Human Rights Myanmar

(စေတုတ္တရာမြို့နယ်၊လုံးစွန်ရွာကိုစစ်​ကောင်စီတပ်ကဧပြီလ၂၄ ရက်တွင်မီး​လောင်ဗုံးကြဲချပြီး​နောက်တစ်ရွာလုံးမီး​လောင်ပြီး​နောက် မီး​လောင်ပြင်မှအဖွားအို ၊ HRM အစီရင်ခံစာ မျက်နှာဖုံး နဲ့ ဘုတလင်မြို့နယ်၊စီပါရွာမှာ ၂၀၂၄ ​အောက်တိုဘာ ၁၇ ရက်မှာစစ်တပ်ကသားဖြစ်သူ​ကိုသတ်၍ ​ဦး​ခေါင်းကိုခြံသည်းရိုးချိတ်ခဲ့ရာ သား၏ ဦး​ခေါင်းချိတ်ခံခဲ့ရ​​သော​နေရာကို​​ငေးကြည့်​နေ​သောမိခင်။ ဓါတ်ပုံ-CJ )

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတက်သည့် စက်တပ်​လေထီး (​ခေါ်) ပါရာမော်တာတစ်စီးသည် လေပြင်းကြောင့် ပျက်ကျသွားကြောင်းဒေသခံနှင့် စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

■စစ်​ကောင်စီတပ်သိမ်းနိုင်တဲ့ မဲပုတ်ရွာအနီး​ နောင်လင်ရွာနဲ့ နောင်ချိုမြို့ဟာ ၁၆မိုင်​ကျော်ကွာ​​ဝေး

သတင်း

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် နှင့် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ဗျူဟာ (၂၂)၊ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲတို့ ယနေ့(ဧပြီ ၂၈ရက်)တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲဝင် (၁၀)‌‌‌‌‌‌ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းတောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ စ‌‌ဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ် ‌‌‌ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးပြီးဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံကပြောပါတယ်။

Facebook