ဖေဖော်ဝါရီ-၅၊ ၂၀၂၆။ ဆန်အောင်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အဓိကတာဝန်ဟာ ကရင်လူမျိုးတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် အပြည့်အဝ အောင်မြင်မှုရရှိဖို့အတွက်ပဲဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက် အပြည့်အ၀ မရသေးတဲ့တော်လှန်ရေးကာလ အတွင်းမှာ ကြုံရမယ့် စိတ်ခေါ်မှုတွေနဲ့ နှောက်ယှက်မှုတွေ အားလုံးရင်ဆိုင်ဖို့တော်လှန်ရေးသန္နိဌာန်ချထားရမယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဒီကနေ့ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ (၇၉)နှစ်မြောက် KNU ဖွဲ့စည်းတည်ထောင်ခြင်းနေ့ မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာပါ။
“ကျနော်တို့ရဲ့ တော်လှန်ရေးသဘောထားခံယူချက်၊ ကျွမ်းကျင်မှု အရည်အချင်းများနှင့်အတူ လိုအပ်တဲ့ ပစ္စည်းတန်ဆာများတို့ကို ပြင်ဆင်တပ်ဆင်အသုံးပြုပြီး ရှေ့ဆက် ကြုံတွေ့လာနိုင်မယ့် အရာများစွာအတွက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်” လို့ KNU ဥက္ကဋ္ဌက ပြောကြားပါတယ်။

Public Service Announcement
ကရင်တော်လှန်ရေးလှုပ်ရှားမှု (၇၉)နှစ်တာ ကာလအတွင်း ဦးဆောင်ဦးရွက်ပြုခဲ့ရာမှာ ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာဖြစ်စေ၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍမှာ ဖြစ်စေ၊ ကရင်လူမျိုးကြားထဲမှာဖြစ်စေ၊ အစည်းအရုံး ခိုင်မာစွာရပ်တည်နိုင်မှုအပေါ် စိန်ခေါ်မှုဖြစ်စေခဲ့တဲ့ အခြေအနေ များစွာနဲ့ ကြုံတွေ့ခဲ့ရကြောင်းလည်း ပြောပြပါတယ်။
အချိန်ကာလတခုမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ထားရစ်ခံခဲ့ရတာရှိပြီး ဦးဆောင်မှုကဏ္ဍမှာရှိတဲ့ ခေါင်းဆောင်တွေဟာလည်း နိုင်ငံရေး မူဝါဒနဲ့ သဘောထားရပ်တည်ချက်တွေအရ တော်လှန်ရေးလမ်းစဉ်နဲ့ မကိုက်ညီတဲ့အပေါ်မှာလည်း စိတ်ဝမ်းကွဲမှုတွေ ရှိခဲ့တယ်လို့ အသိပေးပါတယ်။
“ကရင်အမျိုးသားအစည်းအရုံးကို ဦးဆောင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတောင် အစည်းအရုံးနဲ့ တော်လှန်ရေးကို ချန်ရစ်ထားခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ တော်လှန်ရေးအချိန်ကာလ ကြာမြင့်လာတာနဲ့ အခက် အခဲတွေ ကြုံတွေ့ရတာတွေကြောင့်လည်း လုပ်ဖော်ကိုင်ဖက်တချို့ဟာ အစည်းအရုံးနဲ့တော်လှန်ရေးကို ကျောခိုင်း သွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီထက်ဆိုးရွားလှတဲ့အချက်ကတော့ တော်လှန်ရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး စီးပွားရှာ၊ အာဏာအလွဲသုံးမှုတွေဟာ ဦးဆောင်တဲ့ ခေါင်းဆောင်တွေကြားထဲမှာလည်း ရှိခဲ့ပါတယ်” လို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားတော်လှန်ရေးဟာ ကရင်တစ်မျိုးသားလုံးရဲ့အကျိုးနဲ့ သက်ဆိုင်ပေမယ့် အစည်းအရုံးရဲ့တော်လှန်ရေးလှုပ်ရှားမှုမှာ မပါဝင်တဲ့ ကရင်လူမျိုးတွေ အများကြီး ကျန်ရှိနေသေးတာကို တွေ့ရကြောင်း KNU ဥက္ကဋ္ဌက ပြောပါတယ်။
“ ဒီလို အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း အစည်းအရုံးရဲ့ ခေါင်းဆောင်မှုနဲ့ မူဝါဒတွေအပေါ် ခိုင်မာစွာ ရပ်တည်တဲ့ ကရင်အမျိုးသားအစည်းအရုံးခေါင်းဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်အချို့က ပြိုကွဲမှုတွေကို ကြိုးစားစည်းရုံးပြီး အမြင်မတူမှုတွေကို သဘောထားညှိယူ စုစည်းလျက် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ပြန်လည်ရရှိအောင် ကြိုးစားတည်ဆောက်ပြီး အစည်းအရုံးရပ်တည်မှုကို ခိုင်မာအောင် တကြိမ်ပြီးတကြိမ် ပြန်လည်တည်ဆောက် နိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် ကရင်လူထုတွေရဲ့ အားပေးထောက်ခံမှုနဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိတဲ့အတွက်ကြောင့် ဒီကနေ့ထိ အစည်းအရုံးဟာ ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်” လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။
KNU အနေနဲ့ ကရင်တမျိုးသားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြည့်ဝစွာရရှိအောင် မလုပ်ဆောင်နိုင်သေးပေမယ့်လည်း ကရင် အမျိုးသားအစည်းအရုံး ခေါင်းဆောင်များ၊ အစည်းအရုံးဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ တော်လှန်သောမျိုးချစ် ရဲဘော်ရဲဘက်များ၊ ကရင်လူမျိုးများနဲ့ ပြည်သူလူထုများဟာ ကရင်တမျိုးသားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက် ကို မချန်ရစ်ခဲ့ပဲ အစည်းအရုံးရဲ့ ဦးဆောင်မှုအပေါ် ခိုင်မာစွာ ရပ်တည်ထောက်ခံမှု၊ အားပေးထောက်ပံ့ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့်သာ ကရင့်တော်လှန်ရေး လှုပ်ရှားမှုမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ ရပ်တည်မှုနဲ့ ဦးဆောင်မှုတွေဟာ ခိုင်ခိုင်မာမာနဲ့ ဆက်လက်တည်ရှိ ဆောင်ရွက်နေနိုင်တာ ဖြစ်ကြောင်း ပြောပြပါတယ်။
KNU ရဲ့ အဓိကတာဝန်ဟာ ကရင်လူမျိုးတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် အပြည့်အဝ အောင်မြင်မှုရရှိဖို့အတွက်ဖြစ်ပြီး ကရင်လူမျိုးများ လူမျိုးတစ်မျိုးကဲ့သို့ အေးအေးချမ်းချမ်း နေထိုင်ရကာ ဖိနှိပ်ညှင်းပန်းမှုတွေကင်းပြီး ကြီးပွားတိုးတက်တဲ့ လူနေမှုဘဝပုံစံနဲ့ နေထိုင်နိုင်တဲ့ နိုင်ငံရေးအာမခံချက် အပြည့်အဝ ရရှိဖို့အတွက် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောပါတယ်။
“လွတ်လပ်ပြီး တန်းတူညီမျှမှုရှိကာ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ကော်သူးလေ(ကရင်ပြည်)ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လူမျိုးတိုင်းအတွက် ဒီမိုကရေစီ အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် တွေကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တည်ဆောက်သွားဖို့လည်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကို ရရှိခြင်းဟာ ဒီနိုင်ငံမှာရှိတဲ့ ကရင်လူမျိုးနဲ့ အခြားသော လူမျိုးတွေအတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
နိုင်ငံရဲ့ ပကတိ နိုင်ငံရေးအခြေအနေအရ KNUရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ဖို့အတွက် နိုင်ငံရေးမဟာဗျူဟာ ဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကော်သူးလေ(ကရင်ပြည်)နဲ့ ပြည်နယ်အားလုံး ပေါင်းစည်း ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ချမှတ်ထားကြောင်း၊ “ပြည်နယ်အားကောင်းရေး မှသည် ပြည်ထောင်စုအားကောင်းရေး” လမ်းစဉ်ဟာ KNUတည်ဆောက်လိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု လမ်းစဉ်ဖြစ်ကြောင်း အသိပေးပါတယ်။

















































