စနေသားရေးသားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်အမိန့်နဲ့ နိုင်ငံရေးပါတီတွေအားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာပြည်မှာတော့ မဟုတ်ပါဘူး။မြန်မာနဲ့မရှေးမနှောင်း ၂၀၂၂ ခုနှစ်မှာ အာဏာသိမ်းမှုဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ အာဏာသိမ်းထားတဲ့စစ်အစိုးရဆက်ပြီး အုပ်စိုးနေတဲ့ အာဖရိက ကဘာကီနာဖာဆိုနိုင်ငံမှာပါ။
နိုင်ငံတွင်းက ပါတီနိုင်ငံရေးစနစ်ဟာ အကျင့်ပျက်မှုတွေ၊ဖောက်ပြန်ပျက်စီးမှုတွေလွှမ်းမိုးနေတာကြောင့် အခုလို ပါတီတွေကိုဖျက်သိမ်းတာလို့ အာဏာသိမ်းစစ်တပ်က အကြောင်းပြပါတယ်။
ဒီသတင်းတွေ့တော့ စနေသားတစ်ယောက် ဘာကီနာဖာဆိုက အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ဒီလုပ်ရပ်ကို သဘောကျမိပါတယ်။ ဒီမိုကရေစီနဲ့ ပါတီနိုင်ငံရေးကို မယုံကြည်လို့တော့မဟုတ်ရပါဘူး။

Public Service Announcement
အနောက်အာဖရိက က အဲ့ဒီအာဏာသိမ်းစစ်ဗိုလ်ချုပ်ကမှ အာဏာရှင်ပီပီ သသ ဆန္ဒရှိတာကို ပေါ်ပေါ် တင်တင် လုပ်ကိုင်ပြောဆိုပြနေတယ်လို့တွေးမိတာကြောင့် သဘောကျမိတာပါ။
စနေသားတို့ဆီက ဗိုလ်ချုပ်တွေထက်အဆင့်မြင့်ပါတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်မှူးကြီးကတော့ အာဏာသိမ်းတာကို အာဏာထိန်းတာလို့ လုပ်လိုလုပ်၊ သူ့လူတစ်စုပဲနိုင်မဲ့ ရွေးကောက်ပွဲကို စိတ်တိုင်းကျအကွက်ချစီစဥ်လုပ်ပြီးတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုပြီး မျက်နှာပြောင်တိုက်အော်လိုအော်နဲ့ ရှိနေတာမဟုတ်လား။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တစ်ယောက်ဘာကီနာဖာဆိုက စစ်ဗိုလ်ချုပ်လို တစ်ခါတည်း ပြတ်ပြတ်သား သား လုပ်ပြကိုင်ပြခဲ့မယ်ဆိုရင်ဖြင့် စနေသားတို့ဆီက ပါတီတွေခမျာလည်း ခေတ်ပျက်မှာ နေရာလေးရလေ မလားလို့ ဝင်တိုးရင်း အခုဖြစ်နေသလို မိအေးနှစ်ခါနာ ဖြစ်ကြစရာမလိုတော့ဘူးပေါ့။
အခုဆို မြန်မာပြည်တွင်းက နိုင်ငံရေးပါတီတွေအဖို့ စစ်အုပ်စုရွေးကောက်ပွဲအထမြောက်ဖို့ အိမ်ဝင်ဖြည့်ပေးရတဲ့ အဆင့်သာ ရခဲ့ကြလို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်သလိုလူထု တံတွေးခွက်ထဲလည်း ပက်လက်တင်မကပုံစံမျိုးစုံ မျောနေကြရတာ မို့လား။
ဒီမှာလည်း တစ်ခုတော့ ကောင်းတယ်လို့ ထပ်တွေးမိပါသေးတယ်။
“ဘာမဆို လုပ်ရဲပါတယ်”ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးအပြောကို လက်ခုပ်ဝိုင်းတီးခဲ့ကြတဲ့ နိုင်ငံရေး
သမားတွေဟာ ဟိုက သူတို့ကိုလည်း လိုအပ်ချိန်မှာ မိတ်ဖက်နေရာ ယာယီထားခဲ့ပြီး အဆုံးမှာ လိုသလို အသုံးချရုံပဲဆိုတာ ကိုယ်တွေ့ မျက်မြင်သိသွားကြတော့ ဘာမဆိုလုပ်ရဲတဲ့ဗိုလ်ချုပ်မှူးကြီးဖြစ်ကြောင်း သိလောက်ရောပေါ့လို့ တွေးမိလို့ပါ။
မတွေးမိလို့လည်းမရတော့ဘူး။ တရားမျှတလွတ်လပ်သောလို့ စစ်အုပ်စုက ကြွေးကြော်နေကြတဲ့ ရွေးကောက် ပွဲရလဒ်တွေက “နိုင်ငံရေးလမ်း
ကြောင်းပြန်ပွင့်ရေး” ဆိုပြီးတွင်တွင် အော်နေတဲ့ ပါတီတွေကို ေ-ွးတိုးပေါက် တံခါးဖွင့်ပေးတာမျိုးလောက်လွှတ်တော်နေရာတစ်ချို့ပဲ ရစေခဲ့တာမဟုတ်လား။
တိုင်းရင်းသားပါတီတွေ၊လူနည်းစုပါတီတွေကို နေရာရစေဖို့ ဆိုပြီး ခေါင်းစဉ်တပ်ခဲ့တဲ့ PR စနစ် ကျင့်သုံးမှုဟာလည်း စစ်အုပ်စုအကျိုးအတွက်မျှသာဆိုတာ လက်တွေ့သိသွားကြပါပြီ။ရွေးကောက်ပွဲပထမအပိုင်းနှစ်ခုအ ပြီးမှာ တိုင်းရင်းသားပါတီတွေ PR ကနေ နိုင်တဲ့ မဲဆန္ဒနယ်က လေးဆယ်တောင် မပြည့်ခဲ့တာပါ။
စစ်အုပ်စုရဲ့လုပ်ပွဲမှာ PR ပဲပြောပြောနိုင်သူအကုန်ယူ FPTP စနစ်ပဲပြောပြော စစ်တပ်ပါတီ ကြံ့ခိုင်ရေးကသာ နေရာတွေ ယူနိုင်သ လောက် ရယူသွားခဲ့တာပါ။တိုင်းရင်းသားပါတီတွေထဲ ၂၀၂၀ ရွေးကောက်ပွဲအပြီးတုန်းက ညှိနှိုင်းဖို့လာတဲ့ NLD ခေါင်းဆောင်တွေ သူတို့ရုံးအထိ မလာလို့ဆိုပြီး အဆင်မပြေဖြစ်ခဲ့ရတဲ့ မွန်ညီညွတ်ရေးပါတီတစ်ခုသာ ကိုယ့်ပြည်နယ်တွင်းမှာ နေရာအများဆုံးနိုင်ခဲ့တာပါ။ ဒါလည်း စစ်အုပ်စုက လိုသလောက်ထုတ်သုံးဖို့ ပွားထားတဲ့ ကြိုတင်မဲတွေနဲ့ အနိုင်မယူချင်လို့ နေရာနည်းနည်းပေးထားတာရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြံအစည်တွေရှိလဲဆိုတာ သတိထားဖိူ့လိုပါတယ် ။
ဒေသအတွင်း စစ်ရေးပဋိပက္ခတွေ ကျယ် ကျယ်ပြန့်ပြန့်ရှိနေပြီးတကယ်တမ်းမှာဒေသအချို့လောက်ပဲ အမည်ခံရွေးကောက်ပွဲ လုပ်ပြ နိုင်ခဲ့တဲ့ ကချင်မှာ ကချင်ပါတီတွေ နေရာ တစ်ချို့ပဲရသလို ၂၀၁၅၊ ၂၀၂၀ ကာလ တွေတုန်းကပြည်နယ်၀န်ကြီးချုပ်ခန့်ပိုင်ခွင့်အတွက် အတိုက်အခံလုပ်ခဲ့တဲ့ ရခိုင်ပါတီတွေဟာ လည်းစစ်အုပ်စုလွှတ်တော်မှာပါခွင့်ရတယ်ဆိုရုံသာပါ။ ဒါကလည်း စစ်တပ်က ရာနှုန်းပြည့်သူချည်းနိုင်တယ်ဆိုရင် နိုင်ငံတကာမှာ ပိုမျက်နှာပျက်ရမှာစိုးလို့ နိုင်ငံတကာယုတ္တိတန်တယ်ဆိုပြီး ပိုယုံကြည်လေမလား ဆိုပြီး စစ်အုပ်စုအကျိုးအတွက် အရိုးအရင်းလေး ဝေစားတဲ့ကစားကွက်လို့စနေသားထင်ပါတယ် ။
ဒေါက်တာအေးမောင်၊ ဦးဖေသန်းတို့လို ပြီးခဲ့ တဲ့ကာလတွေမှာ ပုံရိပ်ကောင်းရှိ၊ ထင်ရှားခဲ့တဲ့ ရခိုင်နိုင်ငံရေးသမားတွေဟာ ပြည်နယ် တစ်ခုလုံး နီးပါးAA ထိန်းချုပ်ထားတဲ့ကြားကလုပ်တဲ့ အမည်ခံ ရွေးကောက်ပွဲမှာ နာမည်ပျက်ခံ၀င် ပြိုင်ခဲ့ကြပေမယ့် နာမည်ပျက်သာ အဖတ်တင် ခဲ့ပါတယ်။
NLD အစိုးရလက်ထက်တုန်းက စစ်တပ်စနက် ကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေအဖမ်းခံ၊ထောင်ချခံရတော့ NLD ပါတီကိုသာ အငြှိုးထားခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ မင်းအောင်လှိုင်ရဲ့လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာတော့ စစ်တပ်ဘက် သိသိသာသာ နီးစပ်ပြ ခဲ့သလို ရွေးကောက်ပွဲ၀င်ခွင့်ရဖို့လည်း ဗိုလ်ချုပ်မှူးကြီးဆီတောင်းပန်တိုးလျှိုးခဲ့ရသူပါ။
နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ထောင်ဒဏ်ကျ ခံခဲ့ရတဲ့ ဒေါက်တာအေးမောင်ဟာ ရွေးကောက် ပွဲတွေမှာယှဉ်ပြိုင်ခွင့်မရှိတော့သူဖြစ်ခဲ့ရာကနေ အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံတော် အကြီးအကဲအနေနဲ့ ချွင်းချက်ပေးခဲ့တာကြောင့်ဆိုတဲ့ဇာတ်လမ်းရိုက်ပြီး ရွေးကောက်ပွဲ၀င်ခွင့်ပြန်ရလာတာပါ။
အခုတော့ ဒေါက်တာအေးမောင်လည်း စစ်ခေါင်းဆောင်ဆီ ခယ ခဲ့ရတဲ့ သမိုင်းပဲအဖတ်တင်ကျန်ရစ်ပါတယ်။သူတို့တွေထက် ရင်ထုမနာဖြစ်ရပုံပေါ်သူကတော့ တစ်ခြား ဟုတ်ရိုးလား။
အာဏာသိမ်းစစ်အုပ်စုလက်ထက် ၀န်ကြီး ဖြစ်ခွင့်ရတဲ့အထိ မျက်နှာသာပေးခံရပြီး သွေးနားထင်ရောက်ခဲ့ဖူးတဲ့ ရွှေဆိုင်ပိုင်ရှင်ကြီး ဒေါ်သက်သက်ခိုင်ပေါ့ခင်ဗျာ။
၀န်ကြီးဌာန နှစ်ခုတစ်လှည့်စီ တာ၀န်ယူခွင့်ပေး ပြီးတဲ့နောက် ကန်ထုတ်ခံရတော့ ဒေါ်သက်သက်ခိုင်က ဒီလိုပြောခဲ့တယ်။
“ရွေးကောက်ပွဲကြောင့် ဗိုလ်ချုပ်မှူးကြီးက ကျွန်မကိုပါတီလုပ်ငန်းတွေပြန်လုပ်ဖို့အနားပေးခဲ့တာ” တဲ့။
နောက်တော့အကြွေးကိစ္စတွေအကြောင်းပြပြီးရွေးကောက်ပွဲ ၀င်ခွင့်အပိတ်ခံရတော့လည်း ဒေါ်သက်သက်ခိုင်တို့ စိတ်မလျှော့သေးဘူး။
“ပယ်ချခံရသူတွေထဲက တစ်ယောက်ပဲ ပြန်ပါခွင့်ရမယ်ဆိုရင်တောင်အဲ့ဒီတစ်ယောက်က ကျွန်မဖြစ်ဖို့မျှော်လင့်တယ်” လို့ ခပ်တည်တည်ပဲ ထုတ်ပြောရဲခဲ့တယ်။
အခုတော့အစ်မကြီးခင်ဗျားလည်းလူလုံးထွက်ပြဖို့ဝေးရော အသံကို မကြားရတော့ဘူး။ နိုင်ငံခြားသံတမန်တွေနဲ့တွေ့လို့ ဆိုပြီး “ဘာမဆို လုပ်ရဲသူကြီး” တပည့်တွေကခေါ်ပြီး ပညာပေးလိုက်လို့အခုတော့ ငြိမ်နေရရှာပြီ။
သူ့ခမျာလည်း ‘အမေသက်’ ဖြစ်ချင်ဇောနဲ့ နယ်လှည့်မျက်နှာပြ၊ငွေကုန်ကြေးကျခံ ကိုယ်စားလှယ်လောင်းတွေ အသည်းအသန် ရှာရ၊ပါတီရုံးတွေဖွင့်ရ၊စစ်ဗိုလ်ချုပ်တွေအလိုကျစေဖို့အတွက် တစ်ချိန်က သူ့ရဲ့ပါတီ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ လူထု
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်း သားမဟုတ်ဘူးလို့ ပြောလိုပြောနဲ့ နိုင်မြင်းလို့ သူမြင်တဲ့ဘက်တစ်ဘက်တည်းကိုပဲ ယိမ်းပြခဲ့ရှာတာ။
ရလဒ်ကတော့ ငွေကုန်လူမော၊ အဖမ်းခံထိ၊ ပြဿနာရှိတဲ့အမိဖြစ်ရုံမက အရင်က ခပ်ပေ ပေနဲ့မဆပ်ဘဲ ထားခဲ့တဲ့ အကြွေး တစ်ချို့ပါ ပြေးဆပ်လိုက်ရရှာသေးတာခဗျာ။အဲ့ဒီလိုသာလုပ်ပြခဲ့ရတာ အမည်ခံရွေးကောက်ပွဲမှာ တောင် လက်နှစ်ဖက်စာပြည့်အောင် မနိုင် လိုက်ရရှာဘူး။ အဲ့ဒါတောင် PR ကယ်လို့ ခင်ဗျာ။
ကဲ အစ်မကြီးဒေါ်သက်သက်ခိုင်မှရင်ထုမနာမဖြစ်၊ဘယ်သူဖြစ်ရပါလိမ့်လို့သာ ခပ်ပြုံးပြုံးနဲ့စာနာပေး လိုက်ရပါတယ်။
ဒေါ်သက်သက်ခိုင်အကြောင်းပြောမိတော့ သူချည်းသာလောဆိုသလို “လော်ဘီတွေ ကြပ်ကြပ်သတိထား” ဆိုတဲ့ ဦးလေးကြီးလည်း သတိရပြန်တာပါပဲဗျာ။
မန္တလေးက သူ့လူတစ်ယောက်က “NLD မရှိရင် အစ်ကိုကြီးတွေပါတီရှိပါတယ်”လို့ ဆိုခဲ့ပေမယ့် စနေသားကတော့ ဦးလေးကြီးတို့ပါတီလို့ပဲ ဆိုတော့မဗျ။
“ခင်ဗျားတို့မပြောရဲတာတွေရှိရင်ကျွန်တော်တို့ကိုပြော၊ကျွန်တော်တို့ကလွှတ်တော်ထဲခင်ဗျားတို့အသံတွေကိုယူသွားပေးမယ်”ဆိုပြီး မဲဆွယ်ခဲ့တဲ့ ဦးကိုကိုကြီးဟာ သူ့ပါတီက အမတ်လောင်းတစ်ယောက် မတရားဖမ်းဆီး ခံရ၊ထောင်ချခံရတော့အသံမထွက်ရဲဘူးခင်ဗျာ။
အဲ့ဒီလိုသာအသံမထွက်ရဲတာခင်ဗျာ၊ရွေးကောက်ပွဲမှာသူကိုယ်တိုင်လည်းရှုံး၊သူ့ပါတီကလည်း လွှတ်တော်ထဲရောက်ဖူးတယ်ဆိုရုံလောက်ပဲအနိုင်စာရင်းအသွင်းခံရတာကျတော့ ပြည်သူတွေ မဲမပေးကြလို့ ဆိုပြီးအပြစ်တင်သေးတာခင်ဗျ။
စနေသားတို့ကတော့ ခက်တယ်၊သက်လည် ဆိုပြီးသာဒီလူတွေကိုထိုင်ရယ်နေချင်တော့ တာပါပဲ။ဒေါ်အောင်ဆန်းစုရောပါတီခေါင်း ဆောင်တွေရော အဖမ်းခံထားရ၊ သေသူတွေက သေပေးထားရတဲ့ကြားက ပါတီကို အသက် ပြန်သွင်းဖို့လုပ်၊ မရတော့ ပါတီပြောင်း၊ ပြောင်းတဲ့ပါတီ အဖျက်ခံရ၊ဒါတောင်ဇွဲမလျှော့ ငါဟဲ့ တစ်သီးပုဂ္ဂလဆိုပြီး ၀င်ပြိုင်တော့လည်း အဖက်လုပ်မခံရတဲ့အဆုံး အစိုးရအဖွဲ့မှာ ပါခွင့် ရဖို့ စကားဦးသမ်းလိုက်သေးတဲ့ ဟို လသာက အစ်မကြီးအကြောင်းတော့ ပြောမနေတော့ပါ ဘူးဗျာ….နော်။
သူတို့တွေမှာသာ မပဒါ မြေလူး၊ရူးကျန်ခဲ့ရ တာ ခင်ဗျာ၊ ဘာမဆိုလုပ်ရဲသူကြီးကတော့ လုပ်ချင် တာလျှောက်လုပ်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ အတိုင် ပင်ခံကောင်စီ ဥက္ကဌ နာမည်ခံ၊ တပ်ကိုလည်း လက်မလွှတ်ရဲ၊အုပ်ချုပ်ရေးလည်းသူများမအပ်ရဲနဲ့လောဘဇော တိုက်နေတုန်းဆိုတာ ညကပဲ တွေ့ရပါတယ်။
အာဏာလုဗိုလ်ချုပ်မှူးကြီးခမျာလည်းဘာကောင်စီ၊ညာကောင်စီဘာဥက္ကဌ၊ညာဥက္ကဌမှန်သမျှအကုန်ဖြစ်ချင်နေတာ သေချာနေတော့တာပါပဲ။ သူကသာ အဲ့ဒီလိုခင်ဗျာ၊ လူထုခေါင်းဆောင်က ‘’သမ္မတမလုပ်ရရင်သမ္မတအထက်မှာနေမယ်’လို့ဆိုပြီးအတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေပြဌာန်းတုန်းကတော့ လွှတ်တော်ထဲက အစိတ်သားတွေ တဝုန်းဝုန်းထရပ်ကြတဲ့အပြင် တပ်ချုပ်ကြီး ကိုယ်တိုင်တောင် သတင်းစာရှင်းပွဲမှာ ခြေဥနဲ့မ ညီဘူးလို့ပြောခဲ့သေးတာခင်ဗျာ။
အခု ကိုယ့်ဘာသာ အတိုင်ပင်ခံကောင်စီ ဥက္ကဌကြီး လုပ်ဖို့ပြင်ချိန်ကျ ဘယ်သူမှဘာမှပြန်မပြောရဲမယ့် ဓားမိုး အဲ….အဲ သေနတ်မိုးထားတဲ့ခေတ်မှာမှ ဥပဒေပြဌာန်းတယ်ဆိုပြီး လုပ်ရဲတဲ့ တပ်ချုပ်ကြီးကိုတော့ စနေသားတို့က ငေးကြည့်နေရုံပါပဲခင်ဗျာ။
ငေးကြည့်ရုံကြည့်မနေဘဲ စိတ်ထဲကြိတ်ဆဲနေ တာတွေထုတ်ပြောရရင်ဖြင့်စနေသားတို့လည်းအထုအထောင်းကခံရဦးမှာကိုးခင်ဗျာ။

















































