close
Connect with us

Hi, what are you looking for?

အတွေးအမြင်

အာဏာသိမ်းမှုနှစ်ပတ်လည်ချိန်

လွန်ခဲ့တဲ့ ငါးနှစ်က လို့ အစချီတဲ့ စာသားတွေ မိုးလင်းကတည်းက တွေ့နေရတဲ့ facebook ပေါ် မှာ အမှတ်မထင်၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တုန်းကပိုစ်အဟောင်းတစ်ခုပေါ်လာတာတွေ့ရတယ်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းတဲ့​နေ့က​နေပြည်​တော်မြင်ကွင်/စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြခဲ့တဲ့ပြည်သူ​တွေ/ အာဏာသိမ်းစစ်တပ်ကို​တော်လှန်တိုက်ခိုက်​နေတဲ့ PDF ​တွေ။ ဓါတ်ပုံ-NY Times ၊ရိုက်တာ ၊ Getty Images ၊အမှတ်(၁)စစ်​ဒေသ )

-စနေသား​ရေးသားသည်။

လွန်ခဲ့တဲ့ ငါးနှစ်က လို့ အစချီတဲ့ စာသားတွေ မိုးလင်းကတည်းက တွေ့နေရတဲ့ facebook ပေါ် မှာ အမှတ်မထင်၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တုန်းကပိုစ်အဟောင်းတစ်ခုပေါ်လာတာတွေ့ရတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလို့ ဆိုရမှာပေါ့။ဧရာဝတီသတင်းဌာနက၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁ရက်မတိုင်မီ နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲ ရိုက်ကူးခဲ့တဲ့ မြင်ကွင်းတွေကိုဖော်ပြထားတဲ့ ပို့စ်ပါ။

စည်ပင်ရိပ်သာထဲက မြင်ကွင်းတွေဆိုပေမဲ့ ရွေးကောက်ပွဲ နိုင်ထားတဲ့ NLD အမတ်တချို့ကို မှတ်တမ်းတင် ထားတဲ့ ဓာတ်ပုံတွေပါ။အာဏာသိမ်းမှုငါးနှစ်ပြည့်နှစ်ပတ်လည်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပြန်တွေ့မိတဲ့ ပုံရိပ် တစ်ပုံချင်းသေသေချာကြည့်မိတော့ ပုံထဲပါနေသူအားလုံးလိုလိုက အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခံထားရသူတွေဆိုတာသတိပြုမိပါရဲ့။

Public Service Announcement

Public Service Announcement

သီခြားအတည်မပြုနိုင်​သေးပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မနက်အစောပိုင်းမှ စစ်တပ်လက်ပါးစေတွေကကိုယ့်ဆန္ဒနဲ့ကိုယ်ရာထူးကဖယ်ပေးဖို့ ဖိအားပေးခြိမ်းခြောက်တော့ “အသက်ပဲအသေခံမယ်” လို့ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့တယ်ဆိုတဲ့သမ္မတဦးဝင်းမြင့်။

အကျဉ်းထောင်ထဲ အသတ်ခံရတယ်ဆိုပြီး သမိုင်းမှတ်တမ်းကျန်ခဲ့မှာစိုးရိမ်တာကြောင့် အာဏာသိမ်းစစ်တပ်က နောက်ဆုံးအချိန်ရောက်မှနေအိမ်ပြန်ပို့လိုက်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊စစ်အုပ်စု လက်ထဲ နှစ်ရှည်လများ အကျဉ်းကျခံထားရချိန်အထိ “ဒုက္ခပါပဲသုခရာ”ဆိုပြီး ရယ်ကျဲကျဲ ရွတ်နောက် နောက်လုပ်နေဦးမှာသေချာတဲ့ ဦးဝင်းထိန်၊ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ကို အဲ့ဒီပို့စ်မှာ စုံစုံလင်လင်ပြန်တွေ့ရတာ အတိတ်ကာလတွေကိုတောင်လွမ်းမောမိစေပါတယ်။

ပြီးတော့ စစ်အုပ်ရဲ့ အကျဉ်းထောင်ထဲ မတရားသတ်ဖြတ်ခံလိုက်ရတဲ့ရက်ပ်ပါအဆိုတော် အမတ်ကြီး ကိုဇေယျာသော်ကိုလည်းသူ့ထုံးစံအတိုင်း အပြုံးမျက်နှာနဲ့ တွေ့ရပြန်ပါသေးတယ်။ ဒုတိယအကြိမ်လွတ်တော် သက်တမ်းကုန်ခါနီး တစ်ရက် လွှတ်တော်ထဲမှာပဲသတင်းထောက်တစ်ချိူ့နဲ့ မတ်တပ်ရပ် စကားပြောဖြစ် ကြတုန်း“ကျွန်တော်ပညာရေးဘက်ပြန်လှည့်လိုက်ဦးမယ်”လို့ကိုဇေယျာသော် စကားဆိုတဲ့ခဲ့ကိုလည်း ပြန်မြင်ယောင်မိပါတယ်။

အဲ့ဒီပုံရိပ်တွေနဲ့ အတူ ရေးထားတဲ့ စာတိုလေးထဲက တစ်ကြောင်းက “ဖေဖော်ဝါရီလ ၁ရက်နေ့ မနက်ဖြန်ဟာ NLD အမတ်တွေအတွက် သမိုင်းတွင်မယ့်ရက်ဖြစ်သလို မြန်မာနိုင်ငံအတွက် နိုင်ငံရေးအချိုး အကွေ့ကြီး တစ်ခုကို ရောက်ရှိကြမယ့်နေရက်အချိန်အခါပဲဖြစ်ပါတယ်” တဲ့။

ဟုတ်တာပေါ့။ NLD ပါတီအပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်သက်တမ်း အသစ်စတင်ဖို့ နာရီပိုင်းပဲလိုတော့တဲ့ အဲ့ဒီအချိန်ဟာ ခေတ်သစ်မြန်မာနိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ သမိုင်းအလည့်အပြောင်းတစ်ခုဖြစ်ခဲ့တယ်ဆိုတာ အားလုံးအသိ။

ဒါကြောင့်ပဲ မနက်ဆို မိခင်ပါတီက ဦးဆောင်မယ့် လွှတ်တော်သက်တမ်းအသစ်၊သမိုင်းစာမျက်နှာအသစ်ထဲ ပါဝင်စီးမျောရဖို့အရေး ရွေးကောက်ပွဲအနိုင်ရအမတ်တွေဟာ တစ်ညလုံး မအိပ်နိုင်ဘဲ ရင်ခုန်တက်ကြွ နေခဲ့ ကြသတဲ့။

ဒါ​ပေမယ့် နောက်ထပ် ငါးနှစ်အကြာမှာ​တော့ အဲ့ဒီလို နေ့မျိုး၊အဲ့ဒီညမျိုး၊အဲ့ဒီစည်ပင်ရိပ်သာဝန်းကြီးထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့ မအိပ်နိုင်တဲ့ ညတာရှည်ကြီးကို ထပ်ကြုံရလိမ့်မယ်ဆိုတာတော့ အဲ့ဒီအချိန်ကရော NLD အမတ်တွေရော ပြည်သူတွေရောမသိနိုင်ခဲ့ကြသေးပါဘူး။

ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလတုန်းက အဲ့ဒီည၊အဲ့ဒီအခိုက်အတန့်တွေဟာ တကယ်ပဲ စောင့်ကြည့် ချင်စရာ၊ရင်ခုန်မျှော်လင့်စောင့်စားဖို့ ထိုက်တန်တဲ့ အချိုးအကွေ့တွေဖြစ်ခဲ့တာတော့ အမှန်ပါ။အဲ့ဒီညအပြီး နောက်ထပ်ငါးနှစ်တာကာလကတော့ မြန်မာပြည်သူအများစုနဲ့ အစိုးရကြား ဆယ်စုနှစ်များစွာမရှိခဲ့တဲ့ တက်ညီ လက်ညီ ဆိုတဲ့အသွင်မျိုး အစပျိုးနိုင်ခဲ့တယ်ဆိုရင် ငြင်းနိုင်ကြမယ်မထင်ပါ။

ဆိုခဲ့သလို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မတိုင်ခင်ည နေပြည်တော် စည်ပင် ဧည့်ရိပ်သာထဲက မြင်ကွင်းကို ပြန်တွေ့ရတော့ အဲ့ဒီကာလတွေအကြောင်းတွေးမိသွားသလို၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မနက်မလင်းခင် ကိုယ် တိုင်မြင်ခဲ့ကြုံခဲ့ရတဲ့ နေပြည်တော်စည်ပင်ရိပ်သာဝန်းကျင် မြင်ကွင်းတွေကိုလည်း ပြန်မြင်ယောင်မိပါတယ်။

ကြိုတင်ပေါ်ပေါက်နေတဲ့အခင်းအကျင်းတွေအရ ဖေဖော်ဝါရီ ၁ရက် လွှတ်တော်ဟာ လွန်ခဲ့တဲ့ ငါးနှစ် ၂၀၁၆ တုန်းကနဲ့မတူဘူးဆိုတာ ကျွန်တော်တို့ သတင်းသမားတွေလည်း သဘောပေါက်ကြပါတယ်။မနက်အတွက် ပြင်ဆင်စရာရှိတာတွေပြင်ပြီးအိပ်ရာဝင်ခဲ့ရာက မနက်စောစောရုတ်တရက်နိုးလာပြီီး ဖုန်းကိုကြည့်လိုက် မိတယ်ဆိုရင်ပဲ အခြေအနေကိုရိပ်မိကြပါပြီ။

နိုင်ငံရဲ့ အာဏာစက်အခြေတည်ရာ ဗဟိုချက်မှာ အန္တရာယ်အငွေ့အသက်တွေလွှမ်းနေပြီဆိုတာ သဘောပေါက်နေကြပြီ။စိုးရိမ်စိတ်တွေတပွေ့တပိုက်နဲ့ စည်ပင်ရိပ်သားနား ကျွန်တော်တို့ သတင်းသမားတစ်ချို့ရောက်တော့ စောစောက စိုးရိမ်မှုတွေသေချာသွားတဲ့အကြောင်း မျက်ဝါးထင်ထင်တွေ့ရပါတော့တယ်။

လက်နက်ဖက်နောက်ပစ်ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြတဲ့စည်ပင်ရိပ်သာထဲက ကိုယ်စားလှယ်လောင်းတစ်ချိူ့ကိုအဝေးကနေတွေ့ရတယ်။တချို့ကလည်း အဲ့ဒီစည်ပင်ရိပ်သာအပြင်ဘက်ဆီ လှမ်းမျှော် ကြည့်တဲ့အခါ ကြည့်ကြတာကိုတွေ့ရတယ်။

စည်ပင်ဝန်း ပတ်ပတ်လည် လေးဘက် လေးတန်မှာ ရပ်ထားတဲ့ စစ်ကားတွေ၊တင့်ကားတွေ၊ လမ်းပေါ် မှာမောင်းနှင်သွားလာနေတဲ့ စစ်ကားတွေကိုလည်းတွေ့ရတယ်။ စည်ပင်ဝန်းထဲ အဝင်အထွက်တွေ ပိတ်ဆို့ တားဆီးခံထားရပါတယ်။

မေ့မရနိုင်ဆုံး အဲ့ဒီနေ့အတွေ့အကြုံကတော့ ကျွန်တော်တို့ သတင်းသမားတွေ ကြိမ်ဖန်များစွာ သွားလာခဲ့ကြ ဖူးတဲ့ လွှတ်တော်သွားရာလမ်းပေါ် က သမ္မတအိမ်တော်ရှိရာနေရာနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နေထိုင်ရာတွေ အနီးမှာကြုံခဲ့ရတဲ့မြင်ကွင်းပါ။

ဆောင်းအငွေ့အသက်မပြယ်သေးချိန် မနက်ဝေလီဝေလင်းမှောင်ရိပ်ထဲ အဲ့ဒီလမ်းပေါ် ဆိုင်ကယ်နဲ့ ကျွန်တော် တို့ရောက်တော့ သမ္မတအိမ်တော် မရောက်ခင်လမ်းမပေါ်တစ်နေရာမှာတင်တားဆီးခံရပါပြီ။လမ်းမကို ကန့်လန့် ဖြတ်ချပိတ်ဆို့ထားတဲ့အတားအဆီးတွေနောက်ကွယ်မှာလက်နက်ကိုင် စစ်သားတွေ အသင့်ရှိနေကြတယ်။

အမှောင်ရိပ်ထဲက ဆိုင်ကယ်သံကြားတော့ သေနတ်လွယ်ထားတဲ့ စစ်သားတစ်ယောက်က လျော့ရဲရဲ ကိုယ်နေ ဟန်ထားကို အသင့်အနေအထားပြင်ပြီး သေနတ်ပြောင်းကိုလည်း ကျွန်တော်တို့ဘက် ဦးတည်လိုက်တာကို ခပ်လှမ်းလှမ်းကနေလှမ်းတွေ့ရတယ်။

“ကိုယ့်လူသေနတ်ပြောင်းတောင် ဒီဘက်လှည့်လိုက်တယ်ဟ” လို့ ဆိုင်ကယ်မောင်းနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြောမိရက်သားပါပဲ။နောက်ထပ် သေနတ်ကိုင်စစ်သားတွေကလည်း လက်ဟန်နဲ့ ပြန်လှည့်သွား ဖို့အချက်ပြ နေရတာတွေ့ရတယ်။ကျွန်တော်တို့ပြန်လှည့်ခဲ့ကြတယ်။

အခုတော့ အမြဲလိုလို လူသူ၊ယာဉ် အသွားအလာ ရှင်းနေတတ်တဲ့ နေပြည်တော်က ကွန်ကရိလမ်းမ ကျယ်ကြီး တွေဆီကျွန်တော်မရောက်ဖြစ်တော့တာငါးနှစ်။လူထုခေါင်းဆောင်တွေလူထုမြင်ကွင်းရှေ့ကပျောက်ကွယ် သွားကြတာငါးနှစ်၊လူထုတစ်ရပ်လုံး အတိဒုက္ခကြုံနေခဲ့ကြတာ ငါးနှစ်တိတိရှိပါပြီ။

“အရေးပေါ်အခြေအနေကြေညာခြင်း” ဆိုတဲ့ စကားလုံး တစ်ခုတည်းက တိုင်းပြည်ကို ချောက်နက်နက်ထဲ အဆုံးစွန်အထိ ဆွဲချသွားခဲ့တာ ငါးနှစ်တိတိရှိပါပြီ။ မြသွဲသွဲ့ခိုင်ကအစပြုလို့ ကျွန်တော်တို့ရဲ့ အနာဂတ်လူငယ် တွေ အများအပြားပျောက်ကွယ်သွားခဲ့ကြရတာ ငါးနှစ်ရှိပါပြီ။

ရှင်ကျန်နေသေးတဲ့ မရေမတွက်နိုင်သော လူငယ်တွေ၊ကလေးသူငယ်တွေ၊မိသားစုတွေဟာလည်း အနာဂတ် ဆိုတာ အသာထားလို့ မနက်ကနေ ညအကြောင်းလှမ်းတွေးရင်တောင် ရေရေရာရာမရှိတော့သူတွေဒုနဲ့ဒေး။

သေနတ်ပြ အာဏာသိမ်း လူထုခေါင်းဆောင်တွေကို အကျဉ်းချပြီး၊ အကာအကွယ်ပေးရမယ့် လူထုဆီ သေနတ်ပြောင်းလှည့်ခဲ့ကြတဲ့ အဏာသိမ်းစစ်တပ်ကတော့ တိုင်းပြည် အနာဂတ်ဆိုတဲ့စကားလုံးနဲ့ ဖုံးကွယ်ပြီး သူတို့တူရာလူတစ်စုရဲ့ အနာဂတ်ဆွေစဉ်မျိုးဆက်အထိ ကောင်းစားနိုင်ဖို့ မိုက်တွင်းဆက်နက်နေတုန်းပါပဲ။

မတရားတဲ့ စစ်တပ် အာဏာသိမ်းမှုကို လက်နက်မဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကနေစတင်ခဲ့တဲ့ လူထု တော်လှန်ရေးဟာလည်း ငါးနှစ်ကာလအထိ မရပ်တန့်သေးတဲ့အပြင် မျှော်မှန်းချက် ကြီးကြီးမားမား တွေဆက်ရှိနေကြတုန်းပဲ။

တော်လှန်ရေးရဲ့အဝေးကလို့ထင်ရတဲ့ မြန်မာပြည်သူတွေကတောင်အခုအချိန်အထိစစ်အုပ်စု နိဂုံးချုပ်ချိန်ကိုစောင့်မျှော်နေကြဆဲပါ။ကိုယ့်ဖဲကိုယ်ချိုး ကိုယ်တိုင်ဖဲဝေပြီး လိုချင်သလို မဖြစ် ဖြစ်အောင် နည်းမျိုးစုံသုံး ခင်းကျင်းထားတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆိုတာ ပေါ်လာပေမယ့် အာဏာသိမ်းစစ်တပ်ဟာ တစ်နိုင်ငံလုံးကို ဒီနေ့အချိန်အထိ အာဏာစက်မဖြန့်ကျက်နိုင်သေးတာ ငြင်းစရာမလိုတဲ့ ပကတိအခြေအနေပါ။

ငါးနှစ်ကြာသွားတဲ့အခါ တော်လှန်ရေးအရွေ့တွေမှာ ဆုတ်ယုတ်ကျဆင်းမှုတွေ ရှိနေသလို အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုတွေကလည်း ဆက်ရှိနေတုန်းပဲ။

တစ်ဖက်က တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အားသာချက်တွေကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့၊ ကိုယ့်အချင်းချင်း၊တော်လှန်ရေးဘက်တော်သား မဟာမိတ်တွေချင်း ပိုပြီးကျောချင်းကပ် ၊ရင်ချင်း အပ်နိုင်ဖို့၊တော်လှန်ရေး ရှေ့တိုးနိူင်ရေးအတွက် လူထုဆန္ဒကိုပဲ မျက်နှာမူကြဖို့ ဆိုတာတွေဟာ မဖြစ်မနေ လိုအပ်ချက်တွေပါ။

ဒီလိုမဟုတ်ဘဲ ပြီးခဲ့တဲ့ ငါးနှစ်တာကာလထဲက မနည်းလှတဲ့ တစ်ချို့ဖြစ်ရပ်တွေလို ဆက်ပြီးထင်ရာစိုင်းကြမယ်၊အတ္တတွေကိုပဲ ​ရှေ့တန်းတင်နေကြမယ်၊သူတစ်လူ၊ငါတမင်း ကိစ္စတွေ ဆက်ပြီး ဖန်တီးနေကြ မယ်ဆိုရင်တော့မရနိုင်တော့တဲ့ အတိတ် တွေကိုပဲ ပြန်တမ်းတနေရတဲ့ အာဏာသိမ်းမှုနှစ်ပတ်လည်ဆိုတဲ့ ကာလတွေကိုပဲ ဆက်ပြီးဖြတ်သန်းနေကြရပါလိမ့်မယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

သာမန် ဖုန်းမှားခေါ်ဆိုခံရတာလေးဟာလူတယောက်အတွက် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေတယ် ဆိုတာဟာ ဖြစ်သင့်ပါရဲ့လား။ပုံမှန်အ​ခြေအ​နေမှာဆိုရင်မဖြစ်သင့်ပါဘူး။

အတွေးအမြင်

၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာအခုဆိုရင်ငါးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။မြန်မာနိုင်ငံအတွက် ဒီငါးနှစ်တာဟာ ငရဲခန်းထဲ ကျနေသလိုပါပဲ။

News

သစ်တောဆုံးရှုံးမှုနဲ့ မြေယာပျက်စီးမှုကို ၂၀၃၀ ခုနှစ် နောက်ဆုံးထား ပြီး ရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံခေါင်းဆောင်တွေဟာ ကတိပြုခဲ့ကြတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။