■KNLAပူးပေါင်းတပ်မှ ရဲဘော် ၃ဦးကျဆုံး၊ ၆ဦး ဒဏ်ရာရ
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိ ပူးလူးတူစစ်ကောင်စီစခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့(မတ်လ ၁၅ရက်) သတင်းထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်စွဲထားသော ခလရ(၃၁)တပ်ရင်း၏ ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇)၊ တပ်ရင်း (၂၂) ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ မတ်လ ၁၄ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ဟု ဆိုသည်။

Public Service Announcement
စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ တပ်သား ၁၂ဦး သေဆုံးပြီး ၁၁ဦးမှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အသိပေးသည်။
ထွက်ပြေးလွတ်မြောက်သူ ၁၁ဦးအနက် ဒဏ်ရာရသူ သုံးဦးပါဝင်ပြီး ၎င်းတို့က လက်နက်ငယ် ၂ လတ်၊ လက်ပစ်ဗုံး တစ်လုံး ယူဆောင်လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်မှ ၇ဲဘော် ၃ဦး ကျဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
KNU ဗဟို၏ ထုတ်ပြန်ချက်များအရ စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၁၀လက်ထက်မနည်းနှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ကို တွေ့ရသည်။
အဆိုပါ ပူးလူးတူတပ်စခန်းကို KNLA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၆ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်ကျော်အကြာတွင်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ အပြင်းအထန်တိုက်ပြီးသိမ်းယူလိုက်နိုင်သည့် ပူးလူးတူတပ်စခန်းဟာ ထိုင်း – မြန်မာနယ်စပ်၌ အရေးပါသည့် စစ်ကောင်စီတပ်၏ ခြေကုပ်စခန်း တစ်ခုဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး( KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။
“စစ်ရေးဗျူဟာအရပေါ့နော်၊ အရေးပါတဲ့အခြေအနေကတော့ ဒီနယ်စပ်ထိန်းချုပ်ရေးအတွက်ကတော့ သူတို့(စစ်ကောင်စီတပ်)အတွက် အရေးပါတယ်လို့တော့ ပြောလို့ရပါတယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။
