စစ်အာဏာရှင်ကပြိုကွဲသွားအောင်လုပ်ဆောင်နေတဲ့ ရှမ်းနဲ့ ကချင်ကြား လူမျိုးနှစ်ခုရဲ့ လှပတဲ့သမိုင်း ပြိုကွဲအောင်မလုပ်ဖို့တိုက်တွန်း
ဖေဖော်ဝါရီ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
အွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်တဲ့ ကျားဖြန့် လုပ်ငန်းတွေ မိမိရပ်ရွာမှာ မရှိအောင် ဝိုင်းဝန်းကာကွယ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့သလိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ထိရောက်စွာ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာအခုလို ပြောကြားခဲ့တာပါ။ ကချင်ဘာသာနဲ့ ပြောဆိုခဲ့တဲ့ KIO ဥက္ကဋ္ဌ မိန့်ခွန်းနဲ့ပတ်သက်ပြီး ကချင်ဒေသခံ တဦးက ဘာသာပြန်ပြောပြပေးရာ စစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ ရဲဘော်များကိုရော အသက်ကို စွန့်ပြီးမှ ကာကွယ်သွားတဲ့ ရဲဘော်များကိုရော ကျန်ရှိတဲ့ မိသားစုကိုရော အားပေးတဲ့စကားတွေ မိန့်ခွန်းမှာ ပါတယ်လု့ ပြောပါတယ်။

Public Service Announcement
“ ခါတိုင်းမိန့်ခွန်းမှာ မပါတဲ့ဟာ အိမ်ထောင်သည် အမျိုးသမီးများကို အဓိက ကြိုးစားဖို့ရယ် သားသမီးကို ကောင်းကောင်းမွန်မွန်ပြုစုဖို့ရယ် အမျိုးသမီး မြှင့်တင်ရေးစကားလုံးတွေပါတယ်။ နောက်ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးမှ ထိထိမိမိအရေးယူဖို့ရယ် ပက်ဂျာဆန်(ကချင်လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့)ပေါ့” လို့ ကချင်ဒေသ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
KIOဥက္ကဋ္ဌရဲ့မိန့်ခွန်းမှာ ငွေကြေးလိမ်လည် တဲ့ ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သက်တာတွေမရှိအောင် ဝိုင်းဝင်း ကာကွယ်ဖို့နဲ့ ရှမ်းနဲ့ ကချင်အကြား လှပတဲ့သမိုင်းတွေ ပြိုကွဲသွားအောင် မလုပ်ဖို့ တိုက်တွန်းချက်လည်း ပါရှိတယ်လို့ Kachin News Groupရဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားမှုအား ဘာသာပြန်ဖော်ပြချက်မှာ တွေ့ရပါတယ်။
“ဒီကနေ့ရဲ့ ငွေးကြေးလိမ်လည်မှု ဖြစ်နေတဲ့ ကျားဖြန့်လုပ်ငန်းက အလွန်သတိထားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သက်တာတွေ ကိုယ့်ရပ်ဒေသမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တာတွေ မရှိအောင် အားလုံး ဝိုင်းဝန်း ကာကွယ်ကြဖို့ ပြောဆိုချင်ပါတယ်” လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
ဒါ့အပြင် ရှမ်းနဲ့ ကချင် လူမျိုးတွေဟာ ဘိုးဘေးစဉ်ခေတ်အဆက်ဆက် အတူယှဉ်တွဲနေထိုင်လာခဲ့ကြတာဖြစ်ကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
“စစ်အာဏာရှင်ကပြိုကွဲသွားအောင် လုပ်ဆောင်နေတဲ့ ကြားမှာ လူမျိုးနှစ်ခု ရဲ့ လှပတဲ့ သမိုင်းကို ပြိုကွဲသွားအောင် မလုပ်ဆောင်ကြဖို့ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ချစ်ခြင်းမေတ္တာနဲ့ ပြန်လည်တည်ဆောက် ကြပါစို့။” လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ပြီး မှားယွင်းတဲ့ သတင်းတွေကြောင့် အယုံလွယ်မှားယွင်းတာတွေ မဖြစ်အောင် သတိထားကြဖို့ သတိပေးထားပါတယ်။

















































