close
Connect with us

Hi, what are you looking for?

အတွေးအမြင်

လွတ်လပ်ခြင်းရဲ့အရသာကို ဖော်ကျူးပြတဲ့မြို့

မင်းတပ်လို့ ဆိုလိုက်တာနဲ့အာဏာသိမ်းစစ်တပ်ကို ဒေသခံတွေကရိုးရာတူမီးသေနတ်တွေနဲ့ ပထမဆုံးတော်လှန်ခဲ့သလို ၊တူမီးသေနတ်တွေနဲ့ စစ်တပ်ယာဥ်တန်း​တွေပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ချင်းဖိုက်တာ​တွေကို မျက်လုံးထဲပြန်မြင်လာကြမယ်ထင်ပါတယ်။

ထားမြတ်/People’s Spring

မင်းတပ်လို့ ဆိုလိုက်တာနဲ့အာဏာသိမ်းစစ်တပ်ကို ဒေသခံတွေကရိုးရာတူမီးသေနတ်တွေနဲ့ ပထမဆုံးတော်လှန်ခဲ့သလို ၊တူမီးသေနတ်တွေနဲ့ စစ်တပ်ယာဥ်တန်း​တွေပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ချင်းဖိုက်တာ​တွေကို မျက်လုံးထဲပြန်မြင်လာကြမယ်ထင်ပါတယ်။

စစ်အာဏာရှင်​တွေက လက်နက်မဲ့ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ်လာတဲ့အခါ ချင်း​တောင်ပိုင်းက ဖိုက်တာ​တွေရဲ့ သတ္တိကို မင်းတပ်မြို့ ​​ဂေါက်ကွင်းတိုက်ပွဲမှာ မြန်မာသိ ၊ကမ္ဘာသိပြသခဲ့ကြတာပါ။နွေဦးတော်လှန်ရေး သမိုင်းထဲက မင်းတပ်မြို့ကို ၂၀၂၄ ခရစ္စမတ်ကာလ ဒီဇင်ဘာ ၂၁ရက်မှာ ဒေသခံ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်ပါဝင်တဲ့ မဟာမိတ်တွေက အာဏာသိမ်းစစ်တပ်ထံက​နေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာမို့ စစ်တပ် ကင်းစင်တဲ့ လွတ်မြောက်နယ်မြေ ဖြစ်လာတာ အခုဆိုရင် တစ်နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။

“ကိုယ့်မြို့နယ်အတွင်း လွတ်လွတ်လပ်လပ်သွားလာနေထိုင် ပြောဆိုလို့ရတာ စိတ်ထဲပေါ့ပါးပြီး ကြောက်စိတ်ကင်းကင်းနဲ့ နေထိုင်ရတဲ့ အရသာပေါ့။ လေကြောင်း တခုပဲ ကြောက်ရတော့တာ ကျန်တာ အကုန်အဆင်ပြေသွားတယ်။” လို့ မင်းတပ်မြို့ခံ ကိုဟာကလေးက မြို့လွတ်မြောက်ခဲ့တဲ့ တစ်နှစ်တာအတွင်းအတွေ့အကြုံကိုမျှ​ဝေပါတယ်။

Public Service Announcement

Public Service Announcement

ကိုဟာကလေးအပါအဝင် မင်းတပ်ဒေသက တော်လှန်ပြည်သူတွေဟာ မြို့ကို မသိမ်းနိုင်ခင်က အာဏာသိမ်းစစ်တပ်ရန်ကြောင့် ဘေးကင်းရာကို ပုန်းရှောင်နေရတာဖြစ်ပြီး မင်းတပ်သားတွေ မင်းတပ်မြို့ကို ပြန်သိမ်းနိုင်တဲ့အခါမှသာ ကိုယ့်အိမ်ကိုယ်ပြန်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။မင်းတပ်မြို့ကိုချစ်လှတဲ့ ​ဒေသခံပြည်သူ​တွေဟာ ​တောထဲ​တောင်ထဲက​နေ မြို့​လေးကို ​ငေး​​မော အလွမ်း​ဖြေရင်း ၊ ကိုယ့်မြို့ကိုယ်ပြန်ရဖို့ အား​မွေးရင်း အသက်​သွေး​ချွေး​တွေစ​တေးပြီး မင်းတပ်မြို့ကို ပြန်အရယူနိုင်ခဲ့ကြတာဖြစ်ပါတယ် ။

လွတ်​မြောက်​ဒေသဖြစ်သွားပြီဆို​ပေမယ့် စစ်တပ်ဟာလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မြို့ရွာ ဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူတွေရက်ရက်စက်စက် သတ်ဖြတ်​လေ့ရှိတာ​ကြောင့်​လေ​ကြောင်းအန္တရာယ်ကို​တော့ အထူးသတိထားကြရပါတယ် ။

စစ်တပ်က လက်လုံးဆုံးရှုံးရတဲ့​​​ဒေသ​တွေကိုဘယ်လိုဖျက်ဆီးယုတ်မာတက်တယ်ဆိုတာကိုးကန့်၊ တအာင်းဒေသ၊ ရက္ခိုင်၊ ကချင်၊ ကရင်၊ ချင်းနဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး အညာဒေသ စတဲ့ နိုင်ငံတဝန်းမှာအကြိမ်ကြိမ်သက်​သေပြခဲ့ပြီးဖြစ်ပါတယ် ။ အလားတူ မင်းတပ်မြို့ဟာလည်းကင်းလွတ်ခွင့်​တော့မရပါဘူး ။

“ကမ္ဘာတဝန်းမှာ ခရစ္စမတ်ရဲ့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကို ချစ်ခင်ရတဲ့ မိသားစုတွေနဲ့ ကျင်းပနေချိန်မှာ ချင်းပြည် မင်းတပ်က ပြည်သူတွေကတော့ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ လူမဆန်တဲ့ ယုတ်မာရက်စက်မှုကို ခံနေရတယ်”လို့မင်းတပ်သား တော်လှန်ရေးသမား ဆလိုင်းယောမာန်က မြို့သိမ်း တစ်နှစ်ပြည့်ကာလ ၂၀၂၅ ဒီဇင်ဘာ ၂၅ရက်မှာ ရေးသားခဲ့ပါတယ်။

မင်းတပ်မြို့ကို စစ်တပ်က ၂၀၂၅ ခရစ်စမတ်ကာလမှာ လေကြောင်းက​နေဗုံးကြဲခဲ့တာကြောင့် ပြည်သူလူထုနေအိမ်​တွေအပျက်စီးပုံရိပ်တွေကို ပြသရင်း​ရေးသားခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်မရွေး၊ အချိန်သုံးပါးမရွေး နေရာမရွေးလေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို နိုင်ငံတဝန်းမှာလုပ်ဆောင်နေတာ အားလုံးအသိပါ။ ပြည်သူနေထိုင်ရာလား၊ စစ်ရှောင်စခန်းလား၊ စာသင်ကျောင်းလား၊ ဆေးရုံလား၊ ဘာသာရေးအဆောက်အဦးတွေလား၊ လပြည့်နေ့လား၊ ခရစ္စမတ်လား၊ လူ့အခွင့်အရေးနေ့လား ၊ မနက်စောစောလား၊ ညသန်းခေါင်လား စသဖြင့် အချိန်အခါ နေရာမရွေး ၊ဘာသာမ​ရွေးပဲ​​လေ​ကြောင်းက​နေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ​တွေကအာဏာသိမ်းစစ်အုပ်စုရဲ့ ​နေစဥ်အလုပ်ဖြစ်​နေပါတယ်။

အဲဒီလို လေကြောင်းနဲ့ ရန်ပြုနိုင်ပေမယ့် မင်းတပ်မြို့မှာ စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီ တပ်တွေ အနေနဲ့ ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်း မင်းတပ်မြို့ကို ပြန်လည်အခြေချနိုင်တာမျိုးတော့ မရှိပါဘူး။ မြေပြင်ထိုးစစ်ဆင်တာတွေ စစ်ကောင်စီဘက်က မလုပ်နိုင်တာကြောင့် ဒေသခံတွေအနေနဲ့ အခြားဒေသတွေမှာ စစ်ကောင်စီတပ်သားတွေ ကျူးလွန်နေတဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ ပစ္စည်းယူ၊ ရွာမီးရှို့ စတဲ့ အခြေအနေဆိုးတွေ မကြုံကြရပါဘူး။

“အရင်ဆိုမြို့ပေါ်နေသူတွေစကစအကြောင်းတော်လှန်ရေးအကြောင်း ဘာမှ မဟဘဲ နေနေရတာ။အရင်က တောထဲကနေ မြို့နား ခဏ ရောက်ဖြစ် ကပ်ခွင့်ရရင်ကို ပျော်နေရတာ ခုတော့ ရွာနဲ့ မြို့ သွားချင်တိုင်း သွားလာလို့ရတယ်” လို့ မင်းတပ်မြို့ခံ ကိုဟာကလေးက လူသားတဦးချင်းစီအတွက် အလွန်တန်ဖိုးရှိတဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆို သွားလာနေထိုင်ခွင့် တွေအကြောင်း စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေမှာ ရရှိခံစားရတာကို ဖွင့်ဟပါတယ်။

ဒါပေမဲ့ ကုန်စျေးနှုန်းတွေတက်နေတာ၊ကုန်ပစ္စည်းတွေသယ်ယူရခက်ခဲတာစတဲ့အခြေအနေတွေ​တော့ရှိနေဆဲဖြစ်ပါတယ်။ဒါအပြင် တော်လှန်ရဲဘော်အချို့ရဲ့ ပြည်သူအပေါ် အမိန့်အာဏာနဲ့ ပြောဆိုဆက်ဆံတာတွေတော့ ဒေသခံတွေ ကြုံကြရတာလည်း ရှိပါတယ်။လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အမိန့်နဲ့ သွားရမှာ ဖြစ်ပေမယ့် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု လုပ်ဆောင်နေရတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆောင်ရွက်နေတဲ့ သူတွေအနေနဲ့ ပြည်သူတွေနဲ့ တသားထဲဖြစ်အောင် စည်းရုံးပြောဆိုတာ၊ ပြည်သူနဲ့ ထိတွေ့ပြောဆိုတာတွေ လိုအပ်နေကြောင်း ထောက်ပြမှုတွေလည်းရှိပါတယ်။

မင်းတပ်ဒေသမှာ စစ်ဘက်ဆိုင်ရာနဲ့ ပြည်သူတွေအကြား အချို့ပွတ်တိုက်မှု ရှိတာကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှာ တာဝန်ယူခဲ့သလိုအခုချင်းပြည်သူအစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)အထွေထွေအတွင်းရေးမှူး ဖြစ်လာတဲ့ ဆလိုင်းယောမာန်ကလည်း ဝန်ခံပါတယ်။

CPU/CPA ဆိုတာဟာ CDF မင်းတပ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့ ၄ခု ပေါင်းစည်းထားတဲ့ တပ်ဖြစ်ပြီး ပြည်သူလူထု ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးဖို့၊ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကို အားကောင်းကောင်းနဲ့ခုခံပြီးဒေသလွတ်မြောက်ရေးအပြင်ပြည်ထောင်စုလွတ်မြောက်ရေးအတွက် အားစိုက်လုပ်ဆောင်ဖို့ ရည်ရွယ် ဖွဲ့စည်းထားတာလို့ အသိပေးပါတယ်။

CPU/CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က တော်လှန်ကာလမှာ ဒီလို ပွတ်တိုက်မှုတွေ ရှိတာဟာ တဖက်မှာ စစ်အာဏာရှင်ကို တော်လှန်ဖို့နေ့ချင်းညချင်းထောင်လိုက်ရတဲ့ တပ်ဖွဲ့တွေ ဖြစ်နေတဲ့ အခြေအနေမှာ ကျင့်ဝတ်နဲ့ အသိပညာပိုင်းမှာ အချိန်ယူ ပျိုးထောင်နိုင်တာမျိုး အားနည်းတာကြောင့်လို့ ရှင်းပြပါတယ်။

“တောက်လျှောက်တိုက်ပွဲဖြစ်နေရတဲ့အတွက်ကြောင့်ပေါ့နော် ပိုအရေးကြီးတာဦးစားပေးနေရတဲ့အတွက်ကြောင့် ဒီလိုမျိုးပွတ်တိုက်မှုတွေရှိတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ တော်လှန်ရဲဘော်လူငယ်တွေဟာ တကိုယ်စာကောင်းစားရေး မိသားစု ကောင်းစားရေးလုပ်နေတာမဟုတ်ဘဲ မြို့နယ်၊ ပြည်နယ် တနိုင်ငံလုံး အတွက်လုပ်နေရတဲ့လူငယ်တွေဖြစ်လို့ သူတို့မှာလည်း ခက်ခဲမှု၊ မွန်းကြပ်မှု၊ ပန်ပန်းမှုတွေ ရှိနေတာကို စာနာနားလည်ဖေးမ ကူညီဖို့ ဆလိုင်းယောမာန်က တိုက်တွန်းပါတယ်။ ကျင့်ဝတ်စည်းကမ်းရှိတဲ့ လူတွေဖြစ်လာအောင် ပြည်သူတွေက ပူးပေါင်းဆွေးနွေးချဉ်းကပ်ထောက်ပံ့ပေးဖို့လည်း တောင်းဆိုခဲ့ပြီး တဖက်မှာလည်း ပြည်သူ လေးစားချစ်ခင်ယုံကြည်တဲ့ ရဲဘော်တွေ ဖြစ်လာဖို့ တိုင်ပင်ဆွေးနွေးအဖြေရှာနေတယ်လို့ အသိပေးပါတယ်။

အခက်အခဲ စိန်ခေါ်မှုတွေ များစွာ ရှိနေပေမယ့် လာဘ်ပေးလာဘ်ယူ လုံး၀လုပ်လို့မရတဲ့ အုပ်ချုပ်ရေး စနစ်မျိုး အကောင်အထည်ဖော်ထားနိုင်ပြီး တရားဥပဒေ စိုးမိုးမှု ရှိအောင် လုပ်ဆောင်ထားနိုင်တယ်လို့ဆလိုင်းယောမာန်ကဆိုပါတယ်။ဒါဟာခေါင်းဆောင်တွေကအစ အောက်ခြေအဆုံး အကျင့်ပျက်ခြစား လာဘ်ပေးလာဘ်ယူမှုတွေ ထွန်း

ကားနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေးမှာ ရှာတွေ့ဖို့ ခက်ခဲတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေကိုယ်တိုင်က ပြည်သူတွေကို အဓမ္မဖမ်းဆီးသတ်ဖြတ်တာ၊ ငွေညှစ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေစိတ်ကြိုက်ယူ၊နေအိမ်တွေမီးရှို့တာ တွေ လုပ်ဆောင်နေတာဖြစ်လို့ စစ်တပ်ကို နေရာဒေသ အသီးသီးမှာ တော်လှန်နေကြတာဖြစ်ပါတယ်။

ဒါကြောင့်အခြားဒေသတွေလည်းအမြန်ဆုံးလွတ်မြောက်အောင် ကြိုးစားကြဖို့ မင်းတပ်ဒေသခံ ကိုဟာကလေးက တိုက်တွန်းပါတယ်။

“အမြန်မကြိုးစားဘဲ ဖြေးဖြေးချင်းသွားနေရင်နှစ်တွေလည်းကြာလာတော့ ပြည်သူတွေလည်း ပင်ပန်းလာ၊ ထောက်ပို့ သူတွေလည်း ပင်ပန်းလာတဲ့ အတွက်အချိန်ဆွဲထားရင်နောက်ပိုင်း အောင်မြင်ဖို့က ပိုခက်ခဲလာမှာ စိုးရိမ်လို့ပါ။”လို့ကိုဟာကလေးကပြောပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူလူထုတွေ ပညာရေး အပါအဝင်လူမှုစီးပွားဘ၀ ပိုအားနည်းလာမှာ ဖြစ်လို့ ဒီအခြေအနေကနေ ရုန်းထွက်ကြဖို့ တိုက်တွန်းပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်က လွတ်မြောက်တာ တနှစ်ကျော်ကြာပြီဖြစ်တဲ့ မင်းတပ်ဒေသမှာတော့ ခါတိုင်းနှစ်တွေထက် အအေးပိုကာ လမ်းမတလျှောက် နှင်းခဲတွေနဲ့ ဆောင်းရာသီရဲ့ အလှကို မြင်တွေ့ရသလို ချယ်ရီပန်းတွေနဲ့ ရဲရဲနီ တောင်ပေါ်ဇလပ်ပန်းတွေရဲ့ အလှက လွတ်လပ်ခြင်းကို ဖော်ကျူးပြနေသလိုပါပဲ။

မင်းတပ်သား ကိုဟာကလေးက​ “အမြန်လွတ်လပ်ကြဖို့ ကြိုးစားကြပါ။ လွတ်လပ်ခြင်းရဲ့ အရသာကို ခံယူကြပါ” လို့ တိုက်တွန်းပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့နယ် တိုက်ပွဲအတွင်း ချင်းပြည်ကောင်စီ(CC) ကာကွယ်ရေးတပ်ဖွဲ့ ဝင်အချို့ ကျဆုံးခဲ့ကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက အတည်ပြုပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်၀မြို့နယ်တွေက ချင်းဒေသကာကွယ်ရေးတပ်(CDF) လေးဖွဲ့ကို Chin People’s Union/Chin People Army(CPU/CPA) အဖြစ် ပေါင်းစည်းလိုက်ကြောင်း CPU ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက အတည်ပြုပြီး ချင်းညီနောင် သဘာပတိ ဆလိုင်းပီတာထန်းက ပြောပါတယ်။

သတင်း

ချင်းလူမျိုးတွေအပေါ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၃၀ ပြုလုပ်ခဲ့ရာ ချင်းအရပ်သား ပြည်သူ နဲ့ တော်လှန်ရေးရဲဘော် စုစုပေါင်း ၃၆၆ ဦး ကျော်သေဆုံးကြောင်း ချင်းရေးရာအဖွဲ့(ICA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နေ ပြည်သူတွေအနေနဲ့ မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေစပြီး ညဘက် အပြင်လုံး၀ မထွက်ကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။