ဆရာမနဲ့ကလေးငယ်တွေအပါအဝင် ၅ဦးထက်မနည်းသေဆုံး ၊ ၂ဦးဒဏ်ရာပြင်းထန်
ဖေဖော်ဝါရီ- ၅၊၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာမတွေနဲ့ ကလေးငယ်တွေအပါအဝင် ငါးဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့(ဖေဖော်ဝါရီ ၅ ရက်)ညနေ ၅ နာရီဝန်းကျင်က ဆောမြို့နယ်ကျောက်ထုတိုက်နယ်အရှေ့ခြမ်းက မိအယ်ကျေးရွာကို မကွေးလေတပ်က တက်လာတဲ့ဂျက်ဖိုက်တာက ပေါင်၅၀၀ ဗုံးနှစ်လုံးနဲ့ကြဲသွားတာလို့ ဆိုပါတယ်။

Public Service Announcement
“ ရွာတည့်တည့်ကိုကြဲတာ။ငါးဦးသေတယ်။နှစ်ဦးဒဏ်ရာရတယ်။သားအမိနှစ်တွဲလေးဦးနဲ့ ကျန်အမျိုးသားတဦး။CDM ကျောင်းဆရာမ သားအမိနှစ်ဦးလည်းပါတယ်” လို့ ဖြစ်စဥ်ကို သိရှိသူက လူထုနွေဦးကို ပြောပါတယ်။
အသက် ၇၀ ဝန်းကျင် အမျိုးသမီး တစ်ဦး၊အသက် ၅၀ကျော် နဲ့အသက်၄၀ကျော် အမျိုးသမီးနှစ်ဦး၊အသက်၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက်၁၀နှစ်အောက်မိန်းကလေးငယ်တစ်ဦးတို့သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒါအပြင် အသက်၅၀ကျော် အမျိုးသမီးနှစ်ဦးလည်း ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိတယ်လို့ သိရပါတယ်။
“ ကျောမြို့ရဲ့ မြောက်ထက် နှစ်မိုင်ခန့်အကွာကရွာ။အကြောင်းမဲ့ပါဗျာ။လူစုလူဝေးလဲ မလုပ်ဘူး” လို့ ယောဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူအချို့ရဲရုပ်အလောင်းတွေဟာ ဆိုးရွာစွာပျက်စီးနေကြတာကို People’s Spring ရရှိထားတဲ့သတင်းဓါတ်ပုံတွေထဲမှာတွေ့ရပါတယ်။
ပြီးခဲ့တဲ့လကလည်း စစ်တပ်ဟာ ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊လောင်းရှည်မြို့တွေကို လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းက တန့်ဆည်၊ဒီပဲယင်း နဲ့ ကရင်နီပြည်နယ်က မော်ချီး ဒေသ တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ပါတယ်။
(ဗုံးကြဲပြီးနောက်အပျက်အစီးတွေနဲ့ အပျက်အစီးတွေကြားရုပ်အလောင်းတွေကို ရှာဖွေနေကြတဲ့ဒေသခံတွေ ။ဓါတ်ပုံ-ပေးပို့ )




















































