ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လန်းဒေါင်အုပ်စုရှိကချင်တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်နေရာ အင်ဒွမ်လတပ်ဒေသ၌ ရွှေတူးဖော်နေသည့်လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာရန်ဒေသခံများကထပ်မံတောင်းဆိုသတိပေးလိုက်သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်စက်ယန္တရားများ အသုံးပြုပြီး ရွှေတူးနေမှုကို ရပ်တန့်ပေါ်ရန်ဒေသခံများက အကြိမ်ကြိမ် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသည့်အပြင် ပိုမိုတူးဖော်လာ၍ ဖေဖော်ဝါရီ ၁၈ရက်တွင် ဒေသခံများက ထပ်မံ ဆန္ဒထုတ်ဖော်ကာ သတိပေးခဲ့ခြင်းဖြစ်သည်ဟု လှုပ်ရှားမှု၌ ပါဝင်သူ ပူတာအိုဒေသခံအချို့က ပြောသည်။
“ကျနော်တို့ အင်ဒွန်လတပ်လို့ခေါ်တဲ့နေရာက ကချင်လူမျိုးဆင်းသက်တဲ့နေရာမှာဖြတ်ကျော်ခဲ့တဲ့သမိုင်းဝင်နေရာပေါ့။ အဲဒီနေရာမှာရွှေမတူးဖော်ဖို့ဆိုပြီးလွန်ခဲ့တဲ့အောက်တိုဘာလ ၁၅၊ ၁၆ကတည်းက အဲဒီမှာ ရွှေတူးဖော်နေတဲ့သူတွေကိုလည်း သတိပေးပြီးပြီ။ ဒါပေမဲ့နားခြင်းမရှိဘဲ ပိုမိုပြီးတော့ တူးဖော်နေတာကို တွေ့ရတာပေါ့။ အဲဒါကြောင့်ဒီလမှာ အဲဒီမှာ ရွှေလုပ်နေတဲ့သူတွေ အားလုံးကို ထွက်ပေးဖို့ အဲဒီလိုလုပ်ခဲ့တယ်” ဟု ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

အဆိုပါနေရာ၌ ရွှေတူးဖော်ခြင်းအားဖြင့်သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ၊တောရိုင်းတိရစ္ဆာန်စားကျက်မြေများပျက်စီးခြင်းနှင့်ရေချိုငါးအရင်းအမြစ်များပျက်စီးပျောက်ကွယ်မည့် အန္တရာယ်ဖြစ်ပေါ်စေမည်ဟု ၎င်းကဆက်ပြောသည်။
ရွှေတူးဖော်မှုရပ်တန့်ရေးတောင်းဆိုသည့် လှုပ်ရှားမှုကို ဂျိမ်းဖော့စာပေနှင့်ယဉ်ကျေးမှု အဖွဲ့က ဦးဆောင်ပြီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဆက်ပြီးတော့ လုပ်မယ်ဆိုရင် ဥပဒေလမ်းကြောင်းအရ တရားစွဲမယ့်အထိကို လုပ်မယ်။ ဘာဖြစ်လို့လည်းဆို အခု လက်ရှိ ရွှေလုပ်နေတဲ့နေရာကလည်း တရားမဝင်ဖြစ်နေတယ်။ တစ်ဖက်မှာက ယဉ်ကျေးမှု အမွေအနှစ် တန်ဖိုးဖြတ်လို့မရတဲ့အမွေအနှစ်နေရာကိုလည်း အကုန်လုံးဖျက်ဆီးနေတဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ အခုလိုမျိုးလုပ်ရခြင်းဖြစ်တယ်” ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။
ယခင် အာဏာမသိမ်းခင်က မြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုရှိခဲ့သော်လည်း ယခုကဲ့သို့ အမွေအနှစ်နေရာကို တူးဖော်ခြင်းမရှိခဲ့ဟုဒေသခံများကပြောသည်။
“ ဒီအာဏာသိမ်းပြီးနောက်ပိုင်း ဒီနေရာမှာ ပေါ်ပေါ်တင်တင် ကို လုပ်နေတဲ့ အနေအထားမှာ ရှိနေတာပေါ့” ဒေသခံက ပြောသည်။
အဆိုပါဒေသ၌ စစ်ကောင်စီ သာမကကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) တို့လည်း ရှိသည်ဟုသိရသည်။
“ KIO အစိုးရဘက်မှာလည်း သူတို့ အဝင်အထွက်တော့ရှိမယ်ထင်တာပဲ။ ကျနော်တို့ ယဉ်ကျေးမှုအဖွဲ့ကလည်း အစိုးရ နှစ်ဖက်စလုံကိုစာတင်ပြီးပြီ။ ဒါကို ရပ်ဆိုင်းပေးဖို့ ဒါကိုရွှေမတူးဖော်ပေးဖို့ဆိုပြီး စာထွက်ပြီးပြီ။ လက်တွေ့မှာအကောင်အထည်ဖော်ခြင်းမရှိဘူး။ နဂိုရ်က မတူးတဲ့နေရာတောင် ဆက်လက်ပြီးမှ ပြန်တူးတဲ့အနေအထားမှာရှိတော့ ဒါကို လုံး၀ လက်လျှော့လို့မရဘူးဆိုပြီးတော့ ဒါကို လေးလေးနက်နက်လုပ်ရခြင်းဖြစ်ပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ၌လည်း အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖော်မှုလုပ်ငန်းများ အကြီးစား လုပ်လာ၍ ဒေသခံများက ရွှေတူးဖော်မှု ရပ်တန့်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများပြု လုပ်ခဲ့သည်။သို့သော်လည်း ကချင်လုပ်ငန်းရှင်များအပါအဝင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူများက ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်။
နိုင်ငံတစ်ဝန်း စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတရားမဝင်ရွှေတူးဖော်မှုများပိုမိုများလာကြောင်း People’s Spring သတင်းဌာနကကွင်းဆင်းသတင်းရယူ၊လေ့လာမှုအရသိရသည်။စစ်ကောင်စီတပ်၊ ရဲများ ၊ပြည်သူ့စစ်ကဲ့သိုစစ်ကောင်စီလက်အောက်ခံအဖွဲ့များက မှောင်ခိုရွှေတူးဖော်မှုမှာငွေကြေးအကျိုးအမြတ်ရရှိအောင် လာဘ်စားနေကြသည်ကိုလည်းတွေ့ရသည်။
People’s Spring ကွင်းဆင်းသတင်းရယူရေးသားထားသောဆောင်းပါးကို “စစ်ကောင်စီအတွက်ကည်ဆံဖိုးငွေစီးကြောင်းတစ်ခု”ခေါင်းစဥ်ဖြင့်အောက်ပါလင့်တွင်ဖတ်ရှုနိုင်ပါသည်။
