ဇန်နဝါရီ-၂၆ ၊၂၀၂၆။မိုမို၊ထားမြတ်/People’s Spring
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာမော်တာတစ်စီးပျက်ကျတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။
ဒီကနေ့(ဇန်နဝါရီ ၂၆ ရက်)မနက်၉နာရီဝန်းကျင်မှာဆိပ်ဖြူမြို့နယ်ရဲ့အရှေ့ခြမ်းရှားတောကျေးရွာနဲ့ မုန်တိုင်ချောင်းကြားမှာ ပျက်ကျတယ်လို့ ဆိုပါတယ်။
“ ကပစ(၂၂)က တက်လာတဲ့ ပါရာ။ပျက်ကျလို့ စစ်ကြောင်းထွက်လာတယ်ကြားတယ်” လို့ ဆိပ်ဖြူမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အခြားစစ်ရေးရင်းမြစ်တဦးကလည်း ဆိပ်ဖြူ ကပစ(၂၂)ကထွက်လာတဲ့ စက်တပ်ပါရာမော်တာတစ်စီးဟာ စက်ချို့ယွင်းပြီး မုန်တိုင်ချောင်းအနီးပျက်ကျတယ်လို့ လူမှုကွန်ယက်မှာရေးသားထားပါတယ် ။
ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကလည်းစက်တပ်လေထီးတစီး စက်ချို့ယွင်းပြီး ပျက်ကျသွားတာကို ဆက်သွယ်ရေးစက်က ရရှိတဲ့ သတင်းအရ သိရပြီး ပျက်ကျတာဟာလည်း ကပစ (၂၂) အနီးဝန်းကျင်လို့ သိရကြောင်းပြောပါတယ်။
“လေထီးပါတော့ မသေဖို့များမလားပဲ။ဂျိုင်ရိုကော်ပတာ ဆိုရင်တော့သေဖို့များတယ် လေထီးမပါတော့။မြေပြန့်မို့ အဲဒါ(စက်တပ်လေထီး)က ထိရောက်တာလေ။တောင်ပေါ်ဘက်တော့ မလာဖူးဘူး။ခုလည်းဆိပ်ဖြူကနေ တက်ပြန်ပြီ။ အရှေ့တောင်ဘက်” လို့ အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
စစ်တပ်ရဲ့ပါရာမော်တာပျက်ကျမှုနဲ့ပတ်သက်လို့ ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေကို လူထုနွေဦးကဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
အခု ဇန်နဝါရီ တတိယပတ်ကစပြီး ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကို ပါရာမော်တာသုံးစီးရောက်ရှိပြီး နီးစပ်ရာရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။
ကပစ(၂၂)ဟာ ဆိပ်ဖြူ မြို့နယ် မြောက်ဘက်မှာရှိပြီး လက်ရှိစစ်ကောင်စီတပ် စစ်ကြောင်းထိုးဖြန့်ကျက်နေတဲ့ ပေါက်မြို့နယ် တောင်ဘက်ခြမ်း ပုသိမ်-မုံရွာ ကားလမ်းပိုင်း အရှေ့ဘက်ခြမ်းမှာရှိပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂ )နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် (လစခ)တို့ အခြေစိုက်ထားပါတယ်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ၂၂ )က လက်နက်တွေ ထုတ်နေတာလို့ သိရပါတယ်။
စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်နေတဲ့အပြင် မကွေး၊စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး ပြည်သူတွေကိုပါ ပစ်မှတ်ထားဗုံးကြဲခဲ့လို့ ၂၀၂၅ ခုနှစ်မှာ သေဆုံးဒဏ်ရာရသူတွေများပါတယ်။
စစ်ကောင်စီရဲ့ ပါရာမော်တာ နှစ်စီးလည်း ၂၀၂၅ ဧပြီနဲ့ နိုဝင်ဘာမှာ မကွေးတိုင်း ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ ပျက်ကျခဲ့တာ ရှိပါတယ်။

















































