close
Connect with us

Hi, what are you looking for?

သတင်း

နာဂတပ် အချင်းချင်းတိုက်ပွဲဖြစ်နေလို့ လူငယ်တွေ ဝေဖန်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့ နှစ်ဖွဲ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ရေးဆက်လက် တင်းမာနေပါတယ်။

ဇန်နဝါရီ-၂၆၊၂၀၂၆။အိမ်သွင်/People’s Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့ နှစ်ဖွဲ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ရေးဆက်လက် တင်းမာနေပါတယ်။

NSCN(K-YA) နဲ့ NSCN(K-AM)အဖွဲ့ဟာ ပန်ဆောင်မြို့ခမ္မတိုင်ဘုရားကျောင်းအနီးမှာ ဇန်နဝါရီ ၉ရက်က တိုက်ပွဲစဖြစ်ပြီး လက်ရှိမှာလည်း လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်ကြားမှာ စစ်ရေးတင်းမာနေတယ်လို့ နန်းယွန်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

” ၂၄ရက်နေ့က တိုက်ပွဲ ပြင်းထန်တယ်။ စစ်တပ်နဲ့က ဘာမှမဖြစ်ဘဲ အချင်းချင်းဖြစ်နေတယ်။ညှိလို့လည်း မရကြဘူး။ တစ်ဖက်နဲ့တစ်ဖက် ရန်စောင် နေကြပြီး တိုက်ပွဲဖော်နေတယ်။ ဒါက နာဂဒေသအတွက် စိတ်ပျက်စရာကောင်းတယ်” လို့ အသက် (၂၅)နှစ်ခန့်အရွယ်ဖြစ်တဲ့ နန်းယွန်းမြို့ဒေသခံ လူငယ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

NSCN(K-YA) နဲ့ NSCN(K-AM)အဖွဲ့ဟာ ဇန်နဝါရီ ၉ရက်ကနေ ဇန်နဝါရီ၂၄ရက်ကြားမှာ ပန်ဆောင် မြို့၊ခမ္မတိုင်ဘုရားကျောင်းအနီး၊ ခန္တီးမြို့နယ်၊ တကားကျေးရွာနဲ့ နန်ဖာကျေးရွာအနီး၊ လဟယ် မြို့နဲ့ နန်းယွန်းမြို့နယ်ကြားမှာ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့တာပါ။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)ဟာ နာဂလူမျိုးတွေ နေထိုင်ရာ ဒေသအားလုံးကို ပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေကြောင့် အဖွဲ့တွေကွဲပြီး ဦးဆောင်သူအမည်ကို အစွဲပြုသတ်မှတ်တဲ့အဖွဲ့တွေ လှုပ်ရှားနေပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့ နှစ်ဖွဲ့မှာ NSCN(K-YA)ကို ဦးယုန်းအောင်ဆိုသူ ဦးဆောင်ပြီး NSCN(K-AM)ကို ဦးအန်းမိုင်းဆိုသူ ဦးဆောင်တာဖြစ်ပါတယ်။

ဦးအန်းမိုင်အဖွဲ့ဟာ စစ် ကောင်စီနဲ့ပူးပေါင်းမှုရှိပြီး ပြည်သူ့စစ်အနေနဲ့ ရပ်တည်ဖို့ ဆွေးနွေးမှုတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

နာဂဒေသမှာ နာဂတပ်ဖွဲ့အချင်းချင်းတိုက်ပွဲဖြစ်နေပေမယ့် စစ်ကောင်စီကရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့တာက စိတ်ပျက်ဖွယ်ကောင်းတယ်လို့ နာဂလူငယ်တစ်ချို့က ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နယ်၊လေရှီးမြို့နယ်မးနဲ့ နန်းယွန်းမြို့နယ်တွေမှာ စုစုပေါင်း မဲရုံ ၂၀၀ကျော်အထိ စစ်ကောင်စီက ဖွင့်နိုင်ခဲ့တာပါ။

“ စစ်အာဏာရှင်နဲ့ကျတော့ပေါင်းတယ်။ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာလည်း သူတစ်လူငါတစ်မင်း လုပ်နေကြတယ်။ အန်းမိုင်းအဖွဲ့ကတော့ စစ်ကောင်စီ ရွေးကောက်ပွဲကိုအကူညီပေးခဲ့တာ သမိုင်းဆိုးပဲ” လို့ နာဂလူငယ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဦးယုန်းအောင် ဦးဆောင်တဲ့ NSCN.K(YA) တပ်ဖွဲ့ဝင်တွေ တာဝန်ကနေ ချက်ချင်းနုတ်ထွက်ကြဖို့ အန်းမိုင် ဦးဆောင်တဲ့ NSCN.K(AM)က စာထုတ်ပြန်ထားတာ‌ကြောင့် တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။

NSCN -Kတပ်တွေကို အိန္ဒိယစစ်တပ်ကလည်း မြန်မာပိုင်နက်ထဲအထိဝင်ပြီး တိုက်ခိုက်လေ့ရှိပါတယ်။နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို ပြီးခဲ့တဲ့၂၀၂၅ အောက်တိုဘာ ၂၀ရက် ညမှာ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် ၈နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုမှာ NSCN(K-YA)အဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ Piyong Konyak (ပီယောင်းကွန်းရက်) ရဲ့ နေအိမ်ကို ဗုံးထိမှန်ခဲ့ပြီး သေဆုံးသူနှစ်ဦးဟာ ဗိုလ်မှူးချုပ်ပီယောင်းကွန်းရက်ရဲ့သားနဲ့ မြေးဖြစ်သူတို့ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင် ၁၃ရက်ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်က ကျေးရွာအချို့ကိုအိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အရပ်သားနေအိမ်တွေပျက်စီးခဲ့ပါတယ်။

အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားဗုံးကြဲတာလို့ India Today သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့ ၂ဖွဲ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒီနေ့မှာလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။

သတင်း

တနိုင်းမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် နယ်မြေ၌ ဝင်ရောက်တပ်စွဲထားသည့် နာဂလက်နက်ကိုင်တပ် NSCN-K(Yung Aung) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း KIAက အတည်ပြုသည်။