ဇန်နဝါရီ – ၂၆ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
BGF အသွင်ပြောင်းကရင်အမျိုးသားတပ်(KNA) အဖွဲ့တွေ မြဝတီမြို့ပေါ်ကနေထွက်ခွာဖို့ စစ်ကောင်စီတပ်ကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် ကျော်လွန်လာပေမယ့် မြို့ပေါ်မှာ KNA တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။
စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်( BGF )ကနေ KNA ကို ပြောင်းလဲဖွဲ့စည်းတာကို ခွင်မပြုတာကြောင့်ထိုင်း -မြန်မာနယ်စပ်မြို့ ကရင်ပြည်နယ်၊ မြဝတီကနေ KNAတပ်တွေဇန်နဝါရီလ၂၅ ရက်နောက်ဆုံးထားပြီးထွက်ခွာဖို့ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရမခ ) က သတိပေးထားတာပါ။
ဒါပေမယ့် ဒီနေ့ (ဇန်နဝါရီလ ၂၆ ရက်)အထိ မြဝတီမြို့ပေါ်မှာ KNA တပ်ဖွဲ့ဝင်တွေ ဆက်လက်နေထိုင်နေဆဲဖြစ်ပြီး တပ်ဖွဲ့ ဘက်တံဆိပ်ကို တော့တပ်ဆင်ထားတာမတွေ့ရဘူးလို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
“ တချို့နေရာတွေမဆုတ်ဘူးလေ တံတားအောက်နေရာမှာရှိနေတာပဲဟာ၊ ဘက်တော့ဖြုတ်ထားတယ်လေ ၊တချို့နေရာတွေ မရွှေ့ပေးဘူး မြို့ထဲလိုက်သွားတယ် ၊ ဒီ မဲကနယ် ကားဝင်းတို့ဘာတို့မှာ ရှိတယ် ၊ တံတားထိပ်ကအဖွဲ့ဆိုလည်း အပြင်မှာမနေဘူးဗျာ ၊အတွင်းကို ပြောင်းနေလိုက်တယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီ – မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားမှာ ဘက်တံဆိပ်မတပ်ထားတဲ့ KNA တပ်ဖွဲ့တွေ ရှိနေဆဲလို့ သတင်းရင်းမြစ်က အသိပေးပါတယ်။
မြ၀တီမြို့ပေါ်မှာစစ်ကောင်စီတပ်ရဲ့တပ်မ(၂၂)ကစစ်ကားသုံးစီးနဲ့ ကင်းပတ်နေတာ တွေ့နေရတယ်လို့လည်းသတင်းရင်းမြစ်က ပြောပါတယ်။
မြ၀တီမြို့ခံတစ်ဦးကတော့ KNA တပ်ဖွဲ့ဝင်တွေအရင်က လုံခြုံရေးယူထားတဲ့လမ်းမတချို့နေရာတွေမှာရှိမနေတော့ဘဲအဲဒီနေရာတွေမှာကရင်နယ်ခြားစောင့်တပ်(BGF)ဘက်တံဆိပ်တပ်ထားတဲ့ တပ်ဖွဲ့ဝင်တွေ ဝင်ရောက် နေရာယူထားတာတွေ့နေရတယ်လို့ ဆိုပါတယ်။
KNA တပ်ဖွဲ့ကတော့ သူတို့ရဲ့ ဂိတ်ဝန်းတွေထဲမှာ ဆက်ရှိနေတုန်းပဲလို့ အဲဒီ မြ၀တီမြို့ခံကပြောပါတယ်။
“ (KNAတွေ)ဂိတ်မှာတော့ရှိတယ်၊ အရင်ကလို မြို့အဝင်အထွက်နေရာမှာ မရှိတော့ဘူး၊ အခု BGF နေရာယူလိုက်တယ်၊ အကျီတံဆိပ်လဲလိုက်တာဖြစ်မယ်၊ အခြေအနေကောင်းတယ် ဘာမှမဖြစ်ဘူး” လို့ သူကဆိုပါတယ်။
ကရင်နယ်ခြားစောင့်တပ်(BGF)ကနေ ကရင်အမျိုးသားတပ်(KNA)အဖြစ် ပြောင်းလဲသွားတဲ့အထဲမှာ မြ၀တီမြို့၊ မဲကနယ်အခြေစိုက် စောမုတ်သုန်ဦးစီးတဲ့ တပ်နယ်(၄)အဖွဲ့ကတော့ မပါဝင်ခဲ့ပါဘူး။
လက်ရှိမှာ မြ၀တီမြို့ပေါ်မှာ KNA တပ်အပြင် BGF တပ်တွေလည်း ဆက်ရှိနေပါတယ်။
မြ၀တီမြို့ပေါ်ကနေ KNA ထွက်ခွာသွားဖို့ စစ်တပ်ရဲ့သတိပေးညွှန်ကြား ချက်နဲ့ပတ်သက်ပြီး KNA ဘက်က တုံ့ပြန်ချက် ထုတ်ပြန်တာမရှိသလို အခြေအနေကိုသိရဖို့အတွက် KNA အမှတ်(၂)စစ်ဒေသမှုးစောတင်ဝင်းကို ဆက်သွယ်မေးမြန်းထားပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
KNA တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ ( ပုံဟောင်း)

















































