ဇန်နဝါရီ-၂၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ လူထုစည်းရုံးရေးဆင်းနေတဲ့ ဗမာပြည်ကာကွယ်ရေးတပ် – USBAကို တိုက်ခိုက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း USBAက ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ် ၁၂နာရီခန့်က မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် တောင်ဘက်ခြမ်းက စစ္စနို့ကျေးရွာ အတွင်းမှာ လူထုစည်းရုံးရေးလုပ်နေချိန် ၎င်းရွာရဲ့မြောက်ဘက် တစ်ကီလီမီတာအကွာလောက်မှာရှိတဲ့ လမ်းဆုံဂိတ်က စစ်ကောင်စီတပ်က အင်အား ၂၀ ကျော်နဲ့ ချည်းကပ်လာချိန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBAက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ် ဂိတ်စခန်းကထွက်လာတာကို သတင်းကြိုရလို့ အသင့်စောင့်တိုက်ခိုက်ရာမှာ ရှေ့ဆုံးကတက်လာတဲ့ စစ်သား ၄ဦး နေရာမှာ သေဆုံးခဲ့တယ်လို့ USBAက ပြောပါတယ်။

Public Service Announcement
“ ကျနော်တို့ရွာထဲရောက်ပြီး နာရီဝက်လောက်ရှိတော့ အဲဒီစစ်ကြောင်းလာတာပါပဲ။ လက်နက် တွေကတော့ ကောက်လို့မရဘူး။ ဘေးမှာလည်း သူတို့ရဲဘော်တွေက ပစ်ခတ်နေတယ်။ ကျတယ်ဆိုတာက မျက်မြင်ဖြစ်တယ်။ လက်နက်ကကောက်လို့မရဘူး” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောပါတယ်။
ကျေးရွာအ၀င်မှာ မီတာ ၃၀၀န်းကျင် အနီးကပ် တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ USBAက အသိပေးပါတယ်။
လက်ရှိ စစ်တပ်ဟာ နောက်တိုး အင်အားတွေနဲ့ စစ္စနို့ကျေးရွာအတွင်း လက်နက်ကြီး၊ ငယ်တွေနဲ့ပစ်နေတယ်လို့ သိရပါတယ်။
USBA တပ်ဖွဲ့ဝင်ခဲ့တဲ့ ကျေးရွာဟာ ပြီးခဲ့တဲ့ရက်ပိုင်းထိ စစ်အုပ်စု ယန္တရား လည်ပက်နေတဲ့ရွာဖြစ်ပြီး စစ်အုပ်စုကို အားပေးထောက်ခံသူများတဲ့ကျေးရွာလို့ USBAက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယပတ်အတွင်းက USBA တပ်ဖွဲ့ဟာ မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရွာတွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ပြည်သူတွေကို ထပ်မံရောင်းချသုံးစွဲတာတွေမလုပ်ဖို့ လိုက်လံစည်းရုံးခဲ့ပါသေးတယ်။

















































