ဇန်နဝါရီ – ၂၅ ၊၂၀၂၆
ဒီနေ့(ဇန်နဝါရီလ ၂၅ ရက်)မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပိုင်း (၃)မှာပါဝင်တဲ့ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ မြို့အဝင်အထွက် ကို စစ်ကောင်စီတပ်က ပိတ်ထားပြီး မနက်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေ ထွက်ပေါ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဖားကန့်မြို့အဝင်အထွက်ကို ဇန်နဝါရီလ လဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ကကန့်သတ်ထားခဲ့ရာကနေ မနေ့ ဇန်နဝါရီလ ၂၄ ရက်မှာတော့ ပိတ်ပစ်လိုက်တာလို့ ဒေသခံတွေကပြောပါတယ်။
“ မြို့အဝင် ပန်းတင် တံတားရော ၊ ကျောက်စိမ်းတောင် တံတားကိုပါ ပိတ်ပစ်ခဲ့တာ ၊ ဘယ်ကိုမှသွားလို့လာလို့ မရဘူး ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ KIA ၊KPDF ပူးပေါင်းတပ်တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် ဇန်နဝါရီလဆန်းပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်တာမရှိတော့ပေမယ့် စစ်ကောင်စီတပ်ဘက် လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရှိနေပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာတော့ စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ဖားကန့်မြို့ပေါ် ရပ်ကွက် တွေမှာ ပဲ မဲ ပုံးထောင်နိုင်တာပါ။ ဖားကန့် မြို့ပေါ်နဲ့ သုံးမိုင်ခန့်ပဲ ဝေးတဲ့လုံးခင်းကျေးရွာ အုပ်စုထဲမှာတောင် မဲရုံ မဖွင့်နိုင်ဘူးလို့ ဒေသခံအချို့က အသိပေးပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း လုံးခင်းကျေးရွာမှာ မဲဆွယ် ဆိုင်းဘုတ်စိုက်ထူရာမှာ ဒေသခံတွေရဲ့ဝေဖန်မှုတွေကြောင့် ဆိုင်းဘုတ်ဖြုတ်ချခဲ့ရတယ်လို့ အဲဒီကိုယ်စားလှယ်လောင်းက သူရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
ဖားကန့် မှာ ကျင်းပတဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ နဲ့ တိုင်လိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့သာဝင်ပြိုင်ကြတာပါ။
ဒီနေ့မှာကျင်းပတဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပိုင်း (၃) မှာ ဖားကန့်မြို့နယ်အပြင် ဗန်းမော် ၊ မံစီ ၊ မိုးမောက် ၊ ဖားကန့် ၊ ရွှေကူ တို့မှာလည်းကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာတော့ မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာရွေးကောက်ပွဲမပြုလုပ်နိုင်တော့တာနဲ့ ဗန်းမော်မှာလည်း မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာ ၁၁ ရွာမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
မံစီနဲ့ မိုးမောက်ကို KIA ထိန်းချုပ်ထားတာဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်ကိုလည်း KIA နဲ့ ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာပါ။

















































