ရွာတွေကိုဗုံးကြဲနေ
ဇန်နဝါရီ-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring
ကနီမြို့မှာ ဒီကနေ့မနက်ရွေးကောက်ပွဲလုပ်နေစဉ် အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။
စစ်တပ်ရွေးကောက်ပွဲ အပိုင်း (၃) လုပ်တဲ့ဇန်နဝါရီလ၂၅ရက်နေ့ မနက် ၇နာရီခွဲခန့်ကနေ ၉ နာရီခွဲခန့်အတွင်း ဗုံးနှစ်ကြိမ်ကြဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement
“ ရွေးကောက်ပွဲက မနက် ၉နာရီကနေ ညနေ ၄နာရီအထိလို့ ကြားတယ်။ မဲရုံကလည်း ၂ရုံထဲ။ မဲလာပေးသူလည်း ရှိမနေဘူး” လို့ မြို့ခံတဦးကပြောပါတယ်။
စစ်ကောင်စီက ကနီမြို့ပေါ်မှာ မဲရုံတစ်ရုံ၊ အလယ်ကျွန်းရွာမှာတစ်ရုံဖွင့်ထားတယ်လို့ သိရပါတယ်။ အလယ်ကျွန်းရွာက ကနီမြို့ နဲ့ ဆက်နေတဲ့ပျူစောထီးရွာဖြစ်ပါတယ်။
” မဲရုံက၂ရုံကို မဲရုံမှူး ၁ယောက်ပဲလာတယ်တဲ့။ စစ်တပ်ကရှက်ရမ်းရမ်းပြီး လာပစ်နေတာဖြစ်မယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ဒီကနေ့ မနက် ပါရာမော်တာနဲ့ဗုံး ကြဲတာမှာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ၂နေရာကို ကြဲတာလို့ သိရပါတယ်။ လက်ရှိအချိန်အထိတော့ ထိခိုက်မှုသတင်းမရဘူးလို့ ဒေသခံတွေက ပြောပါတယ်။မနက် ၁၁နာရီခန့်မှာလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပါရာမော်တာတစ်စီးတက်လာပြီး ကနီမြို့နယ်ထဲမှာပျံဝဲနေပါတယ်။
“ ဗုံးကြဲပြီး ခြိမ်းခြောက်လုပ်တာကို တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မရှက်တမ်းပြောနေတယ်။ ကျမတို့တွေ ပုန်းကျင်းထဲကကို မထွက်ရတာ တရားမျှတ တာလား” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကနီမြို့နယ်အတွင်းမှာဇန်နဝါရီလ၂၂ ရက်နေ့ ကလည်း ဂျက်ဖိုက်တာနဲ့ ရော ပါရာမော်တာနဲ့ပါ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရာရခဲ့ပါတယ်။
“ မြို့ဘေးကရွာလေးရွာကိုပတ်ကြဲတာ။တနေကုန်ပဲ လေယာဉ် တွေဝဲပြီး ကြဲတာာပါ။ဗုံးခိုကျင်းထဲမှာပဲ နေရတယ်။ ဒီန့လည်း လေယာဉ် ဝဲနေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကနီမြို့က စစ်တပ်စခန်းနဲ့ စစ်တပ် တပ်စွဲရာနေရာတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက၂၀၂၄ ခုနှစ် မတ်လမှာထိုးစစ်ဆင်ပြီးမြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ ၁၁ရက်ကြာတိုက်ပွဲအတွင်း မြို့ပေါ်ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်ကလေကြောင်းကနေအပြင်းအထန်တိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ကနီမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီဝင် (၄၇) ဦး သေဆုံးပြီး အလောင်း (၁၁) လောင်း ရရှိခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ဦးလည်းကျဆုံးခဲ့ပါတယ်။
စစ်ကောင်စီက ဒီနေ့ ပြုလုပ်နေတဲ့ရွေးကောက်ပွဲအပိုင်း(၃)အတွင်းစစ်ကိုင်းတိုင်းထဲကကနီမြို့နယ်နဲ့ဆားလင်းကြီးမြို့နယ်တို့ပါဝင်နေပါတယ်။

















































