close
Connect with us

Hi, what are you looking for?

သတင်း

နီပါ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ အိန္ဒိယ အပူတပြင်း လုပ်ဆောင်နေ

နီပါဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုတွေကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အိန္ဒိယ အာဏာပိုင်တွေက ရောဂါထိန်းချုပ်ရေး အစီအမံတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

နီပါဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုတွေကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အိန္ဒိယ အာဏာပိုင်တွေက ရောဂါထိန်းချုပ်ရေး အစီအမံတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

နိုင်ငံ အရှေ့ပိုင်းမှာ တည်ရှိတဲ့ အနောက်ဘင်္ဂလား ပြည်နယ်ထဲမှာတော့ အဲဒီ သေစေတတ်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၅ ဦးကို အတည်ပြု တွေ့ရှိထားပြီး သူတို့နဲ့ ထိတွေ့မိသူ ၁၀၀ လောက်ကို အသွားအလာ ကန့်သတ်ထားကြောင်း သိရပါတယ်။

ကူးစက်ခံရသူ ၃ ဦးကို အခုသီတင်းပတ် အစောပိုင်းမှာ တွေ့ရှိခဲ့တာပါ။ သူတို့ မတိုင်ခင်ကတည်းက သူနာပြုတွေဖြစ်တဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ရဲ့ ဆေးစစ်ရလဒ် positive ထွက်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ သူနာပြုတွေဟာ ပြည်နယ်မြို့တော် ကိုလ်ကတ္တားနားမှာရှိတဲ့ ဘာရာဆတ်မြို့က ပုဂ္ဂလိက ဆေးရုံမှာ အလုပ်လုပ်နေသူတွေပါ။

နောက်ထပ် အတည်ပြု တွေ့ရှိသူ လူနာ ၃ ဦးကတော့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်း တစ်ဦးစီ ဖြစ်ပါတယ်။ နီပါဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေကနေတဆင့် လူတွေဆီကို ကူးစက်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က နီပါဗိုင်းရပ်စ်ကို ဦးစားပေးအဆင့် သတိထားရမယ့် ရောဂါပိုးတွေ စာရင်းထဲ ထည့်သွင်းထားပါတယ်။ အကြောင်းကတော့ အဲဒီ ဗိုင်းရပ်စ်ဟာ ကပ်ရောဂါကြီး တစ်ခုအဆင့် ကျယ်ပြန့်သွားနိုင်တဲ့ အလားအလာမျိုးတွေ ရှိနေတာကြောင့်ပါ။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိ နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးနဲ့ ကုထုံးတွေ မရှိသေးပါဘူး။ ဒါကြောင့် လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ကပဲ ရောဂါကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ကျန်းမာရေး အရာရှိတွေဟာ နီပါဗိုင်းရပ်စ် ကူးစက်မှုအကြောင်း အတည်ပြုနိုင်ခဲ့တဲ့နောက် လူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူ ၁၀၀ လောက်ကို နေအိမ်မှာပဲ အသွားအလာ ကန့်သတ်နေထိုင်ပြီး quarantine ဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ရောဂါကူးစက် ခံထားရသူတွေကိုတော့ ကိုလ်ကတ္တား အရှေ့ပိုင်းမှာရှိတဲ့ ဘီလီဂက်တာမြို့က ကူးစက်ဆေးရုံဆီကို ပို့ဆောင်ခဲ့ပြီး လူနာတစ်ဦးကတော့ အခြေအနေ စိုးရိမ်ရလို့ ပုဂ္ဂလိက ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ်ဆောင်မှာ တက်ရောက်နေရပါတယ်။

အစောပိုင်း တွေ့ရှိတဲ့ သူနာပြု လူနာနှစ်ယောက်ထဲမှာ အမျိုးသားရဲ့ အခြေအနေက တိုးတက်လာပေမယ့် အမျိုးသမီးကတော့ အန္တရာယ်ရှိတဲ့ အဆင့်ကို မကျော်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေကို နှစ်စဉ် ကြိုကြားကြိုကြား ကြုံရလေ့ရှိပြီး ဒီအခြေအနေက တိရစ္ဆာန်တွေဆီကနေ လူသားတွေကို ရောဂါကူးစက်နိုင်ခြေ သဘောတရားနဲ့ ပတ်သက်လို့ ပိုအလေးထားဖို့ လိုအပ်လာကြောင်း အထောက်အထား တစ်ခုဖြစ်တယ်လို့ ဆေးသိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

နီပါဗိုင်းရပ်စ်ကို လင်းနို့မျိုးစိတ် တချို့မှာ အဓိက တွေ့ရလေ့ရှိပြီး လူတွေဆီ အလုံးအရင်း ကူးစက်တာမျိုးကတော့ နည်းလေ့ရှိပါတယ်။ အကြောင်းကတော့ လင်းနို့တွေဟာ လူသားတွေနဲ့ တိုက်ရိုက်ထိတွေ့မှု သိပ်မရှိတတ်တဲ့ သဘောတရားကြောင့်ပါ။ ဒါပေမဲ့ လင်းနို့တွေနဲ့ ထိတွေ့ထားတဲ့ သစ်သီးတွေမှာ ကပ်ငြိနေတဲ့ ဗိုင်းရပ်စ်ကနေ လူသားတွေဆီ ကူးစက်နိုင်ခြေ ရှိပါတယ်။

၂၀၁၈ တုန်းက အိန္ဒိယတောင်ပိုင်း ကီရာလာ ပြည်နယ်ထဲမှာ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေကို စတင်တွေ့ရှိခဲ့ပြီး အဲဒီနောက်ပိုင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဒါဇင်တွေနဲ့ချီ ရှိခဲ့ပြီးပါပြီ။

နီပါဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်တုန်းက မလေးရှားနဲ့ စင်ကာပူက ဝက်မွေးမြူရေး လုပ်သားတွေမှာ ပျံ့နှံ့ကူးစက်မှုကနေ ပထမဆုံးအကြိမ် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဗိုင်းရပ်စ်ဟာ လင်းနို့၊ ဝက်တွေကနေတဆင့် လူသားတွေကို ကူးစက်ခဲ့ပြီး တချို့ မှတ်တမ်းတွေအရ လူအချင်းချင်း ကူးစက်တဲ့ ရှားပါးဖြစ်စဉ်မျိုးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီ ဗိုင်းရပ်စ်ဟာ တံတွေး၊ ဆီးနဲ့ သွေးလိုမျိုး ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။

လူနာတွေဟာ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ အော့အန်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ရုတ်တရက် သတိလစ်တာ၊ တက်တာ၊ လည်ချောင်းနာတာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားရတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာတွေ အရမ်းပြင်းထန်ရင် အသက်အန္တရာယ်ပါ ကြုံနိုင်ခြေ ရှိပါတယ်။

ရောဂါကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေအဖြစ် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာ၊ စားသောက်မယ့် သစ်သီးတွေကို သေချာ သန့်စင်အောင် ဆေးကြောတာ၊ တိရစ္ဆာန်တွေ၊ အထူးသဖြင့် ဝက်နဲ့ လင်းနို့တွေနဲ့ ခပ်ဝေးဝေးနေတာ၊ လူနာကို ပြုစုသူတွေအနေနဲ့ နှာခေါင်းစည်း maskတွေတပ်ပြီး လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်တာတွေကို ပညာရှင်တွေက အကြံပြုထားပါတယ်။

ကိုးကား: Independent

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထင်ရှားတဲ့ ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်း တစ်ဦးကို လုပ်ကြံ သတ်ဖြတ်သွားသူတွေဟာ အိန္ဒိယနိုင်ငံဆီ ထွက်ပြေး လွတ်မြောက်သွားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူနာကို လက်သီးနဲ့ အငြှိုးတကြီး ထိုးခဲ့တဲ့ အိန္ဒိယ ဆရာဝန်ဟာ ဆေးကုသခွင့် ဆိုင်းငံ့ခံထားရကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ တောဆင်ရိုင်းအုပ်ကို ရထားက ဝင်တိုက်မိခဲ့တာကြောင့် ဆင် ၇ ကောင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မျက်ကွယ်မှာ သေဒဏ်စီရင် ချမှတ်တာ ခံခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို လွှဲပြောင်းပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ပါတယ်။