ဇန်နဝါရီ-၂၄၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်မှုရှိကာ စစ်ကောင်စီတပ်ရဲ့ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ရက် မနက် ၇နာရီခန့်က မြင်းခြံမြို့နဲ့ နွားထိုကြီးမြို့ကြားမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဆိုပါတယ်။

စစ်တပ်က ဂျက်ဖိုက်နဲ့တစ်ကြိမ်၊MI-35နဲ့ တစ်ကြိမ် လာရောက် ပစ်ကူပေးပြီး စစ်ကောင်စီဘက်က ၇ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ရတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က အသိပေးပါတယ်။

Public Service Announcement
အဲဒီစစ်ကောင်စီတပ်ထံကနေ ခဲယမ်းအချို့နဲ့ဆက်စပ်ပစ္စည်းအချို့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ MBT တပ်ဖွဲ့က ထပ်မံအသိပေးပါတယ်။

အဲဒီနေ့မနက်ပိုင်း ၈ နာရီခန့်ကလည်း မြင်းခြံမြို့အနောက်ဘက်ရှိ ပတ္တာကျေးရွာနဲ့ လေးအိမ်တန်းကျေးရွာကြားမှာ စစ်အုပ်စုနဲ့ တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး ဗိုလ်တစ်ဦးအပါအဝင် စစ်အုပ်စုဝင်တွေထိခိုက်သေဆုံးမှုရှိတယ်လို့ MBT တပ်ဖွဲ့က ထပ်မံ ထုတ်ပြန်ပါတယ်။
ဖြစ်စဥ်နှစ်ခုမှာ စစ်ကောင်စီဘက်က ဆယ်ချီ ထိခိုက်သေဆုံးပြီး MBTတပ်ဖွဲ့ဘက်က ရဲဘော် ၂ဦးကျဆုံးပြီး ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
“ ရဲဘော်နှစ်ယောက်မှာ တစ်ယောက်က ပတ္တာတိုက်ပွဲမှာကျတာ။ စနိုက်ပါမှန်တာ။ နောက်တစ်ယောက်က ဒုံးထိတာ။ မြင်းခြံအရှေ့ဘက်တိုက်ပွဲမှာ။” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

မြင်းခြံအရှေ့ပိုင်းတိုက်ပွဲကို MBT နဲ့အတူ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့၊ Burmese Guerilla Force (BGF)တို့ကလည်းကောင်း၊ မြင်းခြံအနောက်ပိုင်းတိုက်ပွဲကို MGN အညာသားပြောက်ကြားတပ်နဲ့လည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးက ပတ္တာကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့လို့ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး ခေါင်းကွဲအုပ်စု၊သင်္ဘောတင်ရွာမှာလည်း စစ်ကြောင်းဝင်လို့ ပြည်သူတွေထွက်ပြေးနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – MBT Screengrab















































