ဇန်နဝါရီ ၂၄၊၂၀၂၆။ သုည/People’s Spring
ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ရန်ကင်း၊ စမ်းချောင်း၊ အလုံ၊ တာမွေ၊ ကမာရွတ် စတဲ့ မြို့နယ်တွေမှာ သပိတ်ရဲဘော်တွေက ရွေးကောက်ပွဲဆန့်ကျင်ရေး စတေကာတွေ ကပ်ပြီး စစ်တပ် ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာလည်း ၅/ကသာလူထုအောင်လံသပိတ်စစ်ကြောင်းမှ ဦးဆောင်ပြီး စစ်တပ်က ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို လူထုဆန္ဒမဲ မပါဝင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

အဲဒီ့လှုပ်ရှားမှုမှာ တော်လှန်ပညာသင်ကြားနေသော ကျောင်းဆရာမတွေ ပါဝင်ခဲ့ကြပြီး “ ဖက်ဆစ်ရွေးကောက် ထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စာသားပါ ဘန်နာတွေကိုင်ဆွဲကာ ကြွေးကြော်ဆန္ဒပြခဲ့သလို “ စစ်အာဏာရှင်ကို တော်လှန်တဲ့ မဟာမိတ်တပ်ပေါင်းစုများ တိုက်ပွဲတိုင်းအောင်ပါစေ” ၊ “ မြို့သိမ်းတိုက်ပွဲများမုချအောင်ပါစေ” လို့ ဟစ်ကြွေးခဲ့ပါတယ်။

ကျွန်းလှမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းတစ်ခုမှာလည်း ကျောင်းသားထုအစည်းအဝေးနဲ့ရွေးကောက်ပွဲ ပြုလုပ်ကာ အခြေခံပညာကျောင်းသားများသမဂ္ဂတရပ် ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်ဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ ဗကသများအဖွဲ့ချုပ်၊ GSCB
















































