ဇန်နဝါရီ-၂၂၊ ၂၀၂၆။ ရွှေပြည်စိုး/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ မာန်ဟဲကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ဒေသခံ ၅ဦး သေဆုံးပြီး ၄ဦးဒဏ်ရာရခဲ့ပါတယ်။
မာန်ဟဲကျေးရွာကို ဇန်နဝါရီ ၂၁ရက် မနေ့ ည ၁၁နာရီကျော်မှာ ဗုံးကြဲသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ အင်းတော်ကြီးရော မော်လူးကိုပါကြဲသွားတာ။ မကြဲခင်မှာ ဖားကန့်ဘက်ကို ဖိုက်တာ၂စီးလာသေးတယ်။ ပြန်ပြီး ပတ်ကြဲသွားတာဖြစ်မယ်” လို့ အင်းတော်ကြီးဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

စစ်ကောင်စီတပ်ဟာ မနေ့ ညပိုင်းမှာ အင်းတော်ကြီးဒေသကိုလည်း ဗုံးကြဲသွားပြီး ထိခိုက်မှုအခြေအနေကို မေးမြန်းနေဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မော်လူးမြို့ကို ၂၀၂၃ ခုနှစ်နိုဝင်ဘာလထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့ပါ။ မော်လူးမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ထဲမှာပါဝင်ပါတယ်။ လက်ရှိမှာ အင်းတော်နဲ့ မော်လူးမြို့ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကသာ၊ ကောလင်း၊ ဝန်းသိုမြို့နယ်တွေထဲမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်နေပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။
အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူတွေလုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဇန်နဝါရီ ၂၀ရက် ညကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက် နေရာတချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ၂၁ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးထိခိုက်ခဲ့သူတွေဟာ မကြာခင်ပြန်လွှတ်ပေးဖို့စီစဉ်ထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုဝင်တွေဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၅ ဒီဇင်ဘာ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၄,၄၉၈ကြိမ် ရှိပြီး ၄,၆၈၃ဦး သေဆုံးခဲ့တယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၄၃၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၆၅၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ဇန်နဝါရီလထဲမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေပြီး အရပ်သားပြည်သူထိခိုက်သေဆုံးမှုစာရင်း ဆက်လက်မြင့်တက်နေပါတယ်။

















































