ဇန်နဝါရီ-၁၅၊ ၂၀၂၆။ ဒလပန်း/People’s Spring
စစ်ကောင်စီတပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းက ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနေ့ မနက် ၇နာရီခွဲအချိန်မှာ ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာအခြေစိုက် အမှတ်(၃၀၇)ခြေမြန်တပ်ရင်း(ခမရ ၃၀၇)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ဘုရားကုန်းကျေးရွာက အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၇၀ နှစ်အရွယ် ဇနီးဖြစ်သူတို့ သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်အရွယ် မြေးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းကလည်း ခမရ ၃၀၇ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဒရုန်းချ တိုက်ခိုက်မှုကြောင့် ကြိမ်ခါးကုန်းကျေးရွာအုပ်စု ကြိမ်ခါးကုန်းတောတိုက်ရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ််။
ဇန်နဝါရီ ၁၂ ရက်မှာ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း(P-29914)၊ ဗျူဟာ(၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၃) တပ်ရင်း(Fire Dragon)၊ တော်ဝင်ဒေါင်းတပ်ရင်း(P-29913) တို့က တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ၁ဦးအပါအဝင် ၂၀ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ ဇန်နဝါရီ ၁၂ ရက်ကစပြီး ကြိမ်ခါးကုန်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ပစ်ခဲ့သလို အမှတ်(၃၀၇)ခြေမြန်တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။
“ တိုက်ပွဲစဖြစ်တဲ့ နှစ်ရက်ကတော့ လေယာဥ်နဲ့ တစ်နေ့ကို အနည်းဆုံး လေးကြိမ် ငါးကြိမ်လောက်လာပစ်တယ်။ ၃၀၇ ကလည်းလက်နက်ကြီးတွေနဲ့ မထင်ရင် မထင်သလို ပစ်တာရှိတယ်။ လက်နက်ကြီးကတော့ ရွာတွေထဲကို ပစ်နေတုန်းပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကြိမ်ခါးကုန်းကျေးရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနက စစ်ဆင်ရေးတွေ ဆက်လက် ဆောင်ရွက်နေပြီး တိုက်ပွဲအနီးဝန်းကျင်ရှိ ပြည်သူတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြဖို့ ကာကွယ်ရေးအဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။

















































