ဇန်နဝါရီ-၁၄၊ ၂၀၂၆။ People’s Spring
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ထပ်မံအာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာ ရှေ့နေချုပ်လည်းဖြစ်သူ တရားရေးဝန်ကြီး မစ္စတာဒေါ်ဒါဂျယ်လိုက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှုတွေရဲ့ သံသရာစက်ဝိုင်းထဲမှာ ပိတ်မိနေပုံရတယ်လို့လည်း သူက အဖွင့်လျှောက်လဲချက်မှာ ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ချိန်က စစ်တပ်ကို အမိန့်ပေးကွပ်ကဲခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိအာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်နေပြီး နိုင်ငံတဝန်းက တိုင်းရင်းသားတွေအားလုံးနဲ့ မြန်မာနိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပျံ့နှံ့သွားကြောင်းလည်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားပါတယ်။

Public Service Announcement
လက်ရှိအမှုမှာ မြန်မာနိုင်ငံရဲ့ အရင်ကိုယ်စားလှယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံထားရကြောင်း ကမ္ဘာ့တရားရုံး ICJ မှာ ဂမ်ဘီယာဝန်ကြီးက ဆက်ပြောပါတယ်။
ဂမ်ဘီယာရဲ့ ရှေ့နေဖြစ်သူ မစ္စတာအာဆလန်ဆူလေမန်ကလည်း လက်ရှိ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့စစ်တပ်၊ အစိုးရဝန်ကြီးဌာနတွေ၊ နိုင်ငံရေးပါတီတွေဟာ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ခဲ့ကြကြောင်း ရုံးတော်မှာ လျှောက်လဲပါတယ်။ အဲဒီဝါဒဖြန့်ချိခဲ့ရာမှာ အစွန်းရောက်အမျိုးသားရေး ဘုန်းကြီးတွေပါဝင်ခဲ့ကြောင်လည်း သက်သေတွေနဲ့တကွ တင်ပြပါတယ်။
အဲဒီဘုန်းကြီး တွေ၊ အမျိုးသား ရေးအစွန်း ရောက် တွေဟာ စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံအား ပေးတဲ့ အင်အားစု တွေ ဖြစ် နေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နေ့စဥ် ပြည်သူ တွေကို သတ်ဖြတ်အကြမ်းဖက်မှု တွေကို သူတို့က လျစ်လျူရှုထားကြပါတယ်လို့ ဆိုပါတယ်။။
၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကို ဂမ်ဘီယာရှေ့နေက ရုံးတော်မှာ ကိုးကားရှင်းလင်းခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မှာ သံသယဖြစ်စရာ မလိုဘူးလို့ လျှောက်လဲပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ သင်ကြားရေးအစီအစဥ်တွေ၊ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဦးစီးဌာနက ဖြန့်ချိခဲ့တဲ့ စာတမ်းတွေမှာ သမိုင်းကြောင်းဆိုင်ရာ ပုံဖျက်မှုတွေ၊ အချက်အလက်အမှားတွေ ထည့်သွင်းပြောကြားပြီး ရိုဟင်ဂျာမုန်းတီးရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း မစ္စတာ ဆူလေမန်က ရုံးတော်ကို လျှောက်လဲပါတယ်။
၂၀၁၈ ခုနှစ်မှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကကုလသမဂ္ဂရုံးအများအပြားဆီကို ရိုဟင်ဂျာဆန့်ကျင်ရေးသတင်းစကားတွေပါဝင်တဲ့ဝါဒဖြန့်ချိရေးရုပ်သံဖိုင်လင့်ခ်တွေကို ပေးပို့ခဲ့တယ်လို့ လျှောက်လဲခဲ့ပါတယ်။
စစ်တပ်ဟာ ရိုဟင်ဂျာတွေကို လက်မခံတဲ့ အစွန်းရောက်ဘုန်းကြီးတွေ ပေါ်ထွက်လာဖို့အတွက် ပံ့ပိုးကူညီခဲ့သလို စစ်ခေါင်းဆောင်တွေဟာ အဲဒီလို ဘုန်းကြီးတွေကို ငွေကြေး ထောက်ပံ့မှုနဲ့ လက်ဆောင်တွေ ပေးအပ်ချဥ်းကပ်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေက ပြောပါတယ်။
ဂမ်ဘီယာရှေ့နေရဲ့ လျှောက်လဲချက်ထဲမှာ မဘသအဖွဲ့ရဲ့အထင်ရှားဆုံးဖြစ်တဲ့ အရှင်ဝီရသူအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့ဂုဏ်သိက္ခာကင်းမဲ့စေတဲ့ အသုံးအနှုန်းတွေကို ရင့်ရင့်သီးသီး ပြောဆိုခဲ့မှုတွေလည်း ပါဝင်ပါတယ်။ စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၃ ခုနှစ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရှင် ဝီရသူကို သီရိပျံချီဘွဲ့ ဆပ်ကပ်ခဲ့တာကိုလည်း ဂမ်ဘီယာရှေ့နေက ရုံးတော်ကို ထည့်သွင်းလျှောက်လဲပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အထင်ရှားဆုံး သီတဂူဆရာတော်ကလည်း ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကာလအတွင်း တရားဟောကြားခဲ့ပြီး အဲဒီတရားဟောကြားမှုမှာ ဘာသာမဲ့၊ မကောင်းဆိုးဝါး စစ်သည် ၅ သိန်းကို သတ်ဖြတ်ခဲ့တဲ့ ရှင်ဘုရင်ကို မစိုးရိမ်ဖို့နဲ့ သေးငယ်တဲ့ အပြစ်သာဖြစ်တယ်လို့ ဟောခဲ့တဲ့တရားကို နမူနာပြခဲ့ပါတယ်။ သီတဂူရဲ့တရားမှာ ပါဝင်တဲ့ ရှင်ဘုရင် သတ်ဖြတ်ခဲ့သူတွေဟာ ဗုဒ္ဓဘာသာတစ်ဦးမျှ မပါဝင်ဘဲ သူတို့ဟာ ဗုဒ္ဓအဆုံးအမကို လိုက်နာသူတွေ မဟုတ်ကြောင်း၊ ဒါကြောင့် သူတို့ဟာ အကောင်း၊ အဆိုးကို မသိရှိကြောင်း ပါဝင်ပါတယ်။
အဲဒီလို အဆိုး၊အကောင်း မသိခြင်းဟာ တိရိစ္ဆာန်တွေသာဖြစ်ကြောင်းလည်း သီတဂူဆရာတော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ထဲမှာဟောကြားခဲ့တာပါ။ အဲဒီလို ဟော ပြောခဲ့မှု ကြောင့် ပြည်သူ တွေထဲမှာ သီတဂူဆရာ တော်ကို ဝေဖန်မှု တွေရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း စစ်သားတွေရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ ‘အမျိုးပြုတ်အောင် သတ်ပစ်၊ တစ်ဦးမှ အရှင်မထားနဲ့၊ အကုန်သတ်ပစ်’ စတာတွေကလည်း ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်တယ်လို့ ဂမ်ဘီယာရှေ့နေက ရုံးတော်ကို လျှောက်လဲပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာသဘောတူစာချုပ်ကို မြန်မာနိုင်ငံက ကျူးလွန်တယ်ဆိုကာ ဂမ်ဘီယာနိုင်ငံက လွန်ခဲ့တဲ့ ၆နှစ်ကျော်ကတည်းက စွဲဆိုခဲ့တဲ့အမှုနဲ့ပတ်သက်လို့ ICJ က ဇန်နဝါရီ ၁၂ရက်ကစပြီး နှစ်ဖက်ကြားနာမှုတွေ ပြန်လုပ် နေတာပါ။
ICJ ရဲ့အခုတကြိမ်ကြားနာမှုဟာသီတင်းပတ် သုံးပါတ်ကျော် ကြာမြင့်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင် လျှောက်လဲကြမှာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – /
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring
ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA

















































