အောက်တိုဘာ-၂၃၊၂၀၂၅။ဆဏ်း/People’s Spring
ပြည်ပနိုင်ငံတွေမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေပြုလုပ်နေတဲ့ တော်လှန်အနုပညာရှင်ဒေါင်းက ကိုရီးယားနိုင်ငံကို ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားပါတယ်။
ဒေါင်းရဲ့ ဖျော်ဖြေပွဲကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က KYUNGHEE UNIVERSITY CROWN HALL မှာ အောက်တိုဘာ ၂၆ ပြုလုပ်မှာဖြစ်ပါတယ်။
“ ကိုဒေါင်းက အားလုံးနဲ့တွေ့ဆုံချင်ပါတယ်တဲ့။ Ticket တွေမဝယ်ရသေးရင်အမြန်လာဝယ်လိုက်ပါနော်” လို့ Daung’s South Korea Tour 2025 ရဲ့ဖေ့စ်ဘွတ်ခ်မှာ ကိုရီးယားနိုင်ငံကိုရောက်ရှိလာတဲ့ ဒေါင်းရဲ့ ဓာတ်ပုံတွေနဲ့အတူဖိတ်ခေါ်ထားပါတယ်။

Public Service Announcement
ဒေါင်းက သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲခရီးစဉ်အနေနဲ့ ဩစတြေးလျနဲ့ ဂျပန်နိုင်ငံတွေရဲ့ မြို့သုံးမြို့စီမှာ ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့တာပါ။
ဒီခရီးစဉ်က ရရှိတဲ့အကျိုးအမြတ်တွေကို မြေပြင်ကလိုအပ်တဲ့နေရာတွေကို စီးဆင်းသွားမှာဖြစ်ပြီး ဩစတြေးလျဖျော်ဖြေပွဲတွေကနေရရှိတဲ့ ဩစတြေးလျဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ကို မြေပြင်အတွက် လှူဒါန်းပြီးသွားပြီလို့ အသိပေးထားပါတယ်။
ဂျပန်နိုင်ငံက ဖျော်ဖြေပွဲတွေမှာလည်း ပရိသတ်အားပေးမှု အများအပြားရရှိခဲ့ပါတယ်။
ကိုရီးယားနိုင်ငံမှာတော့ ဆိုးလ်တစ်မြို့တည်းမှာပဲ ဖျော်ဖြေပွဲပြုလုပ်မှာဖြစ်တာကြောင့် လာရောက်အားပေးကြဖို့ Daung’s South Korea Tour 2025 ကဖိတ်ခေါ်ထားပါတယ်။
ဒေါင်းကသူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်ခွေ Smoky Hz ကို ဒီနှစ်ထဲမှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဖျော်ဖြေပွဲတွေမှာ သူ့အခွေထဲကသီချင်းတွေအပါအဝင် တော်လှန်ရေးသီချင်းတွေကိုလည်း ဖျော်ဖြေပေးတယ်လို့ သိရပါတယ်။
















































