အောက်တိုဘာ-၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ်တဲ့မြို့ရွာတွေကို ထိုးစစ်ဆင်နေတာ၊ လေကြောင်း စစ်ဆင်ရေးလုပ်ဆောင်နေတာတွေကို ရှမ်းမြောက်အခြေစိုက် ကျန်တိုင်းရင်းသားအဖွဲ့တွေက မျက်ကွယ်ပြုထားပါက နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ရင်ဆိုင်လာရမယ်လို့ ရှမ်းမြောက်အရေးလေ့လာသူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ အခုနှစ်နွေကာလကစပြီး လေကြောင်း စစ်ဆင်ရေး၊ ဒရုန်း၊လက်နက်ကြီး ပစ်ခတ်မှုတွေ အသုံးပြုပြီး မြေပြင်မှ ထိုးစစ်ဆင်လာ၍ TNLAထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေ တခုပြီး တခု ပြန်လည်လက်လွှတ်ခဲ့ရလို လက်ရှိမှာလည်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊မိုးကုတ်နဲ့ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ တွေက ကျေးရွာတွေကို လေကြောင်း စစ်ဆင်ရေး ဆက်တိုက်ပြုလုပ်တောဖြစ်ပါတယ်။
” ခုဖြစ်စဉ်တွေဟာ TNLA အရေးလိုပဲမြင်နေသ၍ စကစဘက်ကတော့ တဖြည်းဖြည်းနဲ့ MNDAA နဲ့ KIA ထိန်းချုပ်ထားတဲ့ မြိုနေရာတွေကိုလည်း အနှေးနဲ့အမြန် ပြန်သိမ်းယူသွားနိုင်တယ်”လို့ ရှမ်းမြောက်အရေးလေ့လာသူ ကချင်တိုင်းရင်းသားတဦးက ပြောပါတယ်။

Public Service Announcement
မြောက်ပိုင်းမဟာမိတ်တွေ အမြန်စုစည်းသင့်ပြီဖြစ်တယ်လို့လည်း သူက တိုက်တွန်းပါတယ်။
“TNLA ဘက်က ဆုတ်ပေးလိုက်တာများလေ ကွတ်ခိုင်၊ နမ့်ဖတ်ကာလဲ ပြန်ကျသွားနိုင်တယ်ဆိုတာ အားလုံးသိသင့်ပြီ”လို့လည်း ဆက်လက်ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်ကို TNLAက သိမ်းပိုက်ထားတာ ဖြစ်ပေမယ့် ကိုးကန့်တပ်(MNDAA)နဲ့ ကချင်တပ် (KIA) တွေလည်း ရှိပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ လတ်တလောမှာ TNLAကို တိုက်ခိုက်နေတာဖြစ်ပေမယ့် နောက်ပိုင်းမှာ တဖွဲ့ချင်းကို ထိုးစစ်ဆင်သွားမယ်ဆိုတာ သေချာကြောင်းလည်း ရှမ်းမြောက်အရေးလေ့လာသူ တအာင်း တိုင်းရင်းသား တဦးက ပြောပါတယ်။
” ပထမဆုံးကတော့ TNLA နောက်ပိုင်းကျရင်တော့ ကျန်တဲ့ နယ်မြေဒေသတွေကိုလည်း တဖွဲ့ပြီးတဖွဲ့ ထိုးစစ်ဆင်ပြီးမှ လုပ်ဆောင်သွားမယ့်သဘောမှာတော့ရှိပါတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရေးအတွက် တဖွဲ့ချင်းစီအကြား ရှိနေတဲ့ ပြဿနာအချို့ အားနည်းချက်အချို့ကို ခေတ္တဘေးဖယ်ကာ ညီညွတ်ဖို့လိုအပ်တယ်လို့လည်း တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။
“ ဒီအချိန်မှာ ကျနော်တို့က အဲဒါတွေကို ခဏ ဘေးဖယ်ထားပြီးတော့မှ ဘုံရန်သူကို ကျနော်တို့က အချင်းချင်းညီညွတ်စွာနဲ့ မဟာဗျူဟာကျကျ လုပ်ဆောင်သွားဖို့ လိုလိမ့်မယ်လို့ အဲဒီလိုတော့ မြင်မိတယ်ဗျ” လို့ တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။
ရှမ်းမြောက်မှာ KIA၊ MNDAA၊ TNLAနဲ့ ရှမ်းတပ် SSPPတို့ အဓိက ရှိပြီး တိုင်းရင်းသား တပ်အချင်းချင်း အကြား နယ်မြေဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာ ဖြစ်တာ၊ အချို့ အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။
ရှမ်းမြောက်မှာ MNDAA သိမ်းထားတဲ့မြို့တွေက ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊မိုင်းငေါ့နဲ့ သိန္နီမြို့တွေ ဖြစ်ပါတယ်။
TNLA သိမ်းပိုက်ထားတဲ့မြို့တွေက နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံနဲ့ မိုးမိတ်မြို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းမြောက်မှာ KIA မဘိမ်းမြို့ကို သိမ်းပိုက်ထားပြီး နမ့်ဖက်ကာရွာနဲ့ ခလရ(၁၂၃) တပ်ရင်းကိုလည်း သိမ်းထားပါတယ်။
ညီနောင်သုံးဖွဲ့ကက သိမ်းပြီး UWSAတပ်ကို လွှဲပြောင်းပေးထားတဲ့ ဟိုပန်နဲ့ ပန်လုံမြို့တို့ ဖြစ်ပါတယ်။
















































