close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်ကြောင်း စွပ်စွဲခံရသူ ထိုင်းဝန်ကြီး ရာထူးက နုတ်ထွက်၊ စွပ်စွဲချက်တွေကို ငြင်းဆို

အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ပတ်သက် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုတွေ ကြုံနေရတဲ့ ထိုင်းဘဏ္ဍာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ပတ်သက် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုတွေ ကြုံနေရတဲ့ ထိုင်းဘဏ္ဍာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့မှာ ဗိုရာပက် တန်ယာဝေါင်က သူ့ရဲ့ ရာထူးကနေ နုတ်ထွက်ကြောင်း ဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နယ်စပ်ဖြတ်ကျော် ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေပါတယ်ဆိုတဲ့ စွပ်စွဲချက် အားလုံးကိုတော့ အတိအလင်း ငြင်းဆိုသွားခဲ့ပါတယ်။

သူဟာ အဲဒီ ဒုစရိုက် လှုပ်ရှားမှုတွေနဲ့ ဘယ်လို အချိတ်အဆက်မှ မရှိကြောင်း၊ မဟုတ်မမှန် သတင်းဖြန့်သူတွေကို တရားဥပဒေအရ တုံ့ပြန်မှာဖြစ်ကြောင်း အသက် ၆၁ နှစ်အရွယ် ဗိုရာပက်က ခြိမ်းခြောက်ခဲ့ပါတယ်။

သူဟာ ကမ္ဘောဒီးယား အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေ၊ တရားမဝင် ငွေကြေး အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှု အားလုံးဟာ အခြေအမြစ် ကင်းမဲ့တဲ့ အပုပ်ချမှုတွေသာ ဖြစ်တယ်လို့ ဗိုရာပက်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်လို့ ပြည်တွင်းရော၊ နိုင်ငံတကာ အတွေ့အကြုံတွေ နှစ် ၃၀ လောက် ဖြတ်သန်းခဲ့ကြောင်း၊ သူဟာ အဲဒီ ကျွမ်းကျင်မှုကို အခြေခံပြီး နိုင်ငံရေး ဩဇာ ရှာဖွေတာမျိုး ဘယ်တော့မှ မလုပ်ခဲ့ကြောင်း၊ သူ့ရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ ပညာကိုသုံးပြီး နိုင်ငံအတွက် အမှုထမ်းဖို့သာဖြစ်ကြောင်း ဗိုရာပက်က ဆိုပါတယ်။

သူဟာ ကမ္ဘောဒီးယားရဲ့ BIC အစုအဖွဲ့၊ BIC ဘဏ်တို့နဲ့ ဆက်စပ်မှု ရှိပါတယ်ဆိုပြီး စွပ်စွဲပြောဆို ခံရပေမယ့် အဲဒီ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် အလုပ်လုပ်တာမျိုး လုံးဝ မရှိခဲ့ကြောင်း၊ အဲဒီအဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့ ဥပဒေရေးရာ ကိစ္စတွေဟာ သူနဲ့ ဘာမှ မပတ်သက်ကြောင်းလည်း ဗိုရာပက်က ငြင်းချက်ထုတ်သွားပါတယ်။

သူဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းရဲ့ အနီးကပ် လက်ရုံးတစ်ဦးဖြစ်သူ BIC ဥက္ကဋ္ဌ ယင်မ်လိခ်နဲ့ တွေ့ဆုံခဲ့ဖူးတယ် ဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ BICအတွက် အမှုဆောင်၊ ဒါမှမဟုတ် အကြံပေး တာဝန်တွေမှာ အလုပ်လုပ်ပေးတာမျိုးတော့ လုံးဝ မရှိခဲ့ကြောင်း သူက အခိုင်အမာ ပြောပါတယ်။ BICဟာ ငွေကြေးခဝါချတဲ့ ရာဇဝတ် လုပ်ငန်းတွေနဲ့ ဆက်စပ်ကြောင်း စွပ်စွဲမှုတွေ ကြုံနေရပါတယ်။

တရားမဝင် ငွေကြေး လွှဲပြောင်းမှုတွေ၊ ငွေကြေး ခဝါချမှုတွေအကြောင်း ခြေရာခံ ဖော်ထုတ်လေ့ရှိတဲ့ Whale Hunting သတင်းစာစဉ်မှာ ဗိုရာပက်ဟာ BICဘဏ်ရဲ့ အကြံပေးအဖြစ် အလုပ်လုပ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ဗိုရာပက် အနေနဲ့ လက်ရှိ ထွက်ပေါ်နေတဲ့ အငြင်းပွားစရာ သတင်းတွေကို ဖြေရှင်းပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့တဲ့နောက် ဝန်ကြီးက ရာထူးက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Facebookပေါ်မှာတော့ ဗိုရာပက်က သူ့အပေါ် စွပ်စွဲချက်တွေ အားလုံးဟာ မှားယွင်းပြီး နိုင်ငံရေးအရ ခြေထိုးတဲ့ လုပ်ရပ်တွေ၊ အပုပ်ချ သတင်းဖြန့် လှုပ်ရှားမှု တစ်ခုရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်တယ်လို့ ရေးသားထားခဲ့ပါတယ်။ Krungthai ဘဏ်ရဲ့ အမှုဆောင်ချုပ်ဟောင်းလည်းဖြစ်တဲ့ ဗိုရာပက်က ဒီလို အရည်မရ အဖတ်မရ ကိစ္စတွေကို ဖြေရှင်းနေရခြင်းက သူ့ရဲ့ နိုင်ငံရေး အလုပ်တွေကို ထိခိုက်စေခဲ့တယ်လို့လည်း ဆိုပါတယ်။ သူ့ကို ဝိုင်းဝန်း နာမည်ဖျက်ကြတဲ့ထဲမှာ တစ်ချိန်က သူကိုယ်တိုင် လေးစားခဲ့တဲ့ ပုဂ္ဂိုလ်တချို့ပါ ပါဝင်နေတာကိုတော့ စိတ်မကောင်း ဖြစ်မိကြောင်းလည်း ဗိုရာပက်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူက ဝန်ကြီးချုပ်ဆီက ဖြေရှင်းချက် တောင်းဆိုမှု မတိုင်ခင် ကတည်းက ရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားထားပြီး ဖြစ်ကြောင်းနဲ့ သူ့ကို အတင်းအကျပ် ဖိအားပေးခဲ့တာမျိုးတွေ မရှိကြောင်းလည်း ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံအခြေစိုက်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကလူမှောင်ခိုကူး သတ် ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ရောင်းစားတာ ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ဘီလားရုစ် အဆိုတော် ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ထိုင်းအစိုးရက အထောက်အထားမရှိသူတွေကို တရားဝင်အလုပ်လုပ်ခွင့်အတွက် ဘတ်အသစ်ရိုက်ပေးမယ့်အစီအစဉ် ရပ်ဆိုင်းလိုက်တဲ့နေ့မှာဘဲ ဆာမွတ်စခွန်ခရိုင်မှာ ဘတ်ရိုက်ဖို့စောင့်နေတဲ့ မြန်မာလုပ်သား ၁၀၀ကျော်ဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံလိုက်ရပါတယ်။

သတင်း

ဘီလားရုစ် နိုင်ငံက အဆိုတော် မိန်းကလေး တစ်ဦးဟာ မြန်မာနိုင်ငံက ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဒုစရိုက် ဂိုဏ်းတွေလက်ထဲ ရောက်သွားတဲ့နောက် အသတ်ခံရပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ထုတ်ယူ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Facebook