သူ့နိုင်ငံဟာ ရုရှားလုပ် လေယာဉ်ပစ် ဒုံးကျည် အစင်း ၅၀၀၀ လောက် ပိုင်ဆိုင်ထားကြောင်း ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက ကြွေးကြော်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာချိန်မှာ မာဒူရိုက အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ ကာရေဘီယန် ပင်လယ်ပြင်မှာ မူးယစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဗင်နီဇွဲလား ရေယာဉ်တွေကို တိုက်ခိုက် နှစ်မြှုပ်ပစ်နေပါတယ်။ နောက်ပြီး ဗင်နီဇွဲလား ပိုင်နက်ထဲမှာပါ လေကြောင်း စစ်ဆင်ရေးတွေ လုပ်ဆောင်တာမျိုးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောထားပါသေးတယ်။
အမေရိကန်ဟာ မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် စွပ်စွဲထားပြီး ဒေါ်လာ သန်း ၅၀ ဆုကြေးထုတ်ထားပါတယ်။ မာဒူရိုကတော့ အဲဒီ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
ထရမ့်က အမေရိကန်ဆီ မူးယစ်မှောင်ခို တင်သွင်းမှု လမ်းကြောင်းတွေကို တားဆီးတိုက်ဖျက်တဲ့ အားထုတ်မှု အစိတ်အပိုင်း တစ်ခုအနေနဲ့ ဗင်နီဇွဲလား ပိုင်နက်ထဲမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်စေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

Public Service Announcement
အဲဒီနောက် အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ မာဒူရိုက ဗင်နီဇွဲလားမှာ ရုရှားလုပ် Igla-S ဒုံးကျည် အစင်းပေါင်း ၅၀၀၀ ထက်မနည်း ရှိနေတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပါတယ်လို့ စစ်တပ် အရာရှိတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနား တစ်ခုမှာ ပြောကြားသွားပါတယ်။
Igla-S ဒုံးကျည်တွေဟာ အမေရိကန်ရဲ့ Stingerတွေနဲ့ သဘောသဘာဝ တူညီပြီး ခပ်နိမ့်နိမ့်မှာ ပျံသန်းလာတဲ့ ပစ်မှတ်တွေကို တာတို ပျံသန်းပြီး တိုက်ခိုက်နိုင်တဲ့ လက်နက် အမျိုးအစားပါ။ ယေဘုယကျအားဖြင့် ခရုစ်ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ၊ အနိမ့်ပျံ လေယာဉ်တွေကို ပစ်ချရာမှာ အသုံးဝင်ပါတယ်။
စစ်သား တစ်ဦးတည်းက တာဝန်ယူ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို နိုင်ငံအနှံ့ မြို့ရွာ၊ တောတောင်တွေမကျန် ဖြန့်ကျက်ထားပြီး ဖြစ်တယ်လို့လည်း မာဒူရိုက ပြောပါတယ်။
အမေရိကန်ဟာ မူးယစ်မှောင်ခို လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာရေဘီယန် ပင်လယ်ထဲမှာ အဆင့်မြင့် တိုက်လေယာဉ်တွေ အပါအဝင် တပ်အင်အား ၄၅၀၀ လောက်ကို ဖြန့်ကျက်ထားပါတယ်။ အဓိက အားဖြင့်တော့ မူးယစ်မှောင်ခို လှေတွေလို့ စွပ်စွဲထားတဲ့ ရေယာဉ်တွေကို တိုက်ခိုက် ဖျက်ဆီးဖို့ ရည်ရွယ်ပြီး အဲဒီလို ပြင်ဆင်ထားတာပါ။
ထရမ့်ရဲ့ အမိန့်အရ အမေရိကန် စစ်တပ်ဟာ ကာရေဘီယန်မှာ ဗင်နီဇွဲလား ရေယာဉ်တွေကို တိုက်ခိုက် ဖျက်ဆီးနေပေမယ့် လွှတ်တော်ထဲမှာတော့ အမေရိကန်ရဲ့ ပါတီကြီး နှစ်ခုစလုံးက ဒီလုပ်ရပ်ရဲ့ တရားဝင်မှုအပေါ် မေးခွန်းထုတ်နေပါတယ်။ ထရမ့်ကတော့ မူးယစ်မှောင်ခို ဂိုဏ်းတွေကို ချိနဲ့သွားအောင် ဖြိုခွင်းမယ့် အဲဒီစစ်ဆင်ရေးအတွက် သူဟာ လွှတ်တော်ရဲ့ သီးခြား ခွင့်ပြုချက်ကို တောင်းခံစရာ မလိုဘူးလို့ ပြောကြားထားပါတယ်။
ကိုးကား: CNN
















































