အောက်တိုဘာ-၂၃၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ပေါ်တာလိုက်ဆွဲနေပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဟာ မုံရွာမြို့ပေါ် နေရာအနှံ့ပေါ်တာလိုက်ဆွဲခဲ့ပြီး ဆိုင်ကယ်တွေတင်မကဘဲ ကားပေါ်ပါ လူငယ်တွေကိုပါ အတင်းဆွဲခေါ်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။
“ အိမ်စီးကားတွေနဲ့ပတ်ဖမ်းနေတာ ဆွဲခံရသူတွေ အတော်လေးပါသွားတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ မုံရွာမြို့ပေါ်က နန္နဝန်အေးရိပ်သာလမ်း၊ ပြည်ထောင်စုလမ်း စတဲ့လမ်းတွေပေါ်မှာ ဆွဲခဲ့တာဖြစ်ပြီး ဆိုင်ကယ်နဲ့တင်မက အန်စာတုံးကားပေါ်ပါ လူငယ်တွေကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့သူ အရေအတွက် အတိအကျ မသိရသေးပါဘူး။
ပေါ်တာဆွဲခံရသူတွေကိုတော့ စုပေါင်းရုံးဘက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလတုန်းကလည်း ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး ပွဲကပြန်လာတဲ့လူငယ်တွေကို ပေါ်တာဆွဲခဲ့ပါသေးတယ်။
လာမယ့် တန်ဆောင်တိုင်ကာလမှာလည်း စစ်ကောင်စီက မုံရွာမြို့ပေါ်မှာ ပျော်ပွဲ၊ရွှင်ပွဲတွေ လုပ်ပေးပြီး လူဖမ်းပွဲတွေပြုလုပ်ဖို့ စီစဥ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လက်ရှိ စစ်မှုထမ်းအပတ်စဥ် (၁၈)ကို စတင်နေပြီဖြစ်ပြီး အပတ်စဥ် (၁၉)အတွက် လူရှာနေပြီဖြစ်ပါတယ်။
















































