မောင်ငယ်လေးရေးသားသည်။
၂၀၀၇ ခုနှစ်က အာဖရိကတိုက်၊ဆူဒန်နိုင်ငံဖွားဆက်သွယ်ရေးလုပ်ငန်းသူဌေးကြီးမိုအီဘရာဟင်က ကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ တိုင်းပြည်ကိုကောင်းကောင်းမွန်မွန်အုပ်ချုပ်ပြီး အာဏာနဲ့ ရာထူးကနေရိုးရိုးသားသားထွက်ခွာပေးမယ့် အာဖရိကတိုက်ကခေါင်းဆောင်ရှိရင်ဒေါ်လာ၅သန်း ဆုချီးမြှင့်မှာဖြစ်ပါသတဲ့။ နိုင်ငံပေါင်း၅၄နိုင်ငံလောက်မှာဒီနေ့အထိဒီဆုကိုရသူစုစုပေါင်းလက်၅ ချောင်းစာပဲရှိပါတယ်။
ဒါကဘာကိုပြသလဲဆိုတော့နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေဟာအာဏာကိုဖက်တွယ်ထားကြပြီးမျက်လှည့်အမျိုးမျိုးနဲ့ကုလားထိုင်ကိုဆုပ်ကိုင်ထားကြတယ်ဆိုတာပါပဲ။
အဲဒီအထဲကမျက်လှည့်တစ်ကွက်ကတော့ ရွေးကောက်ပွဲများဖြစ်ပါတယ်။ မျက်လှည့်ဆရာကဦးထုပ်ထဲကိုငှက်တစ်ကောင်ထည့်ပြီး ပြန်ထုတ်ပြ လိုက်တော့ယုန်ဖြစ်နေတဲ့အကွက်တွေပါ။ ရိုးပြီးသားပြကွက်ဖြစ်ပေမယ့် အမြဲမြင်တွေ့နေရတာလည်း ဒါပဲဖြစ်ပါတယ်။

Public Service Announcement
အာဏာရှင်တစ်ဦးကရွေးကောက်ပွဲကျင်းပတယ်ဆိုရင်တော့ရည်ရွယ်ချက်ကသူ့အကျိုး အမြတ်အတွက်ပါပဲ။နိုင်ငံတကာကရွေးကောက်ပွဲတော်တော်များများမှာပြည်သူတွေကအဖြေဘာထွက်လာမယ်ဆိုတာကိုသိပြီးသားပါ။ ဦးထုပ်ထဲကိုငှက်ထည့်ပြီးယုန်ကိုပြန်ဆွဲထုတ်ပြတာကိုလူတိုင်းမြင်ဖူးထားကြလို့ပါပဲ။
ဒီလိုရွေးကောက်ပွဲတွေရဲ့ရလဒ်ကတော့ ElectoralAutocracy လို့ခေါ်တဲ့ရွေးကောက်ခံအာဏာရှင်စနစ် ပါပဲ။ရှိပြီးသားအာဏာရှင်အစိုးရကသူ့ကိုယ်သူတရားဝင်ဖြစ်ဖို့အတွက်သတင်းမီဒီယာလွတ်လပ်ခွင့်၊ ပွင့်လင်းမြင်သာတဲ့မဲပေးမှုစနစ်၊မျှတတဲ့တရားစီရင်ရေးစနစ်တွေကိုမျက်ကွယ်ပြုပြီးကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေထွက်လာတဲ့အဖြေတွေပါ။
ကမ္ဘာ့ပြည်သူတွေရဲ့ ၄၄ရာခိုင်နှုန်းဟာရွေးကောက်ခံအာဏာရှင်စနစ်အောက်မှာနေကြရတယ်လို့ Danish Institute for Parties and Democracy (DIPD)ကဆိုပါတယ်။ ဒါဟာအာ
ဏာရှင်နိုင်ငံ အကုန်တော့ မဟုတ်သေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကိုလုံးလုံးမကျင်းပတဲ့နိုင်ငံတွေလည်းရှိနေလို့ ဖြစ်ပါတယ်။ သိပ်လှပတဲ့ကမ္ဘာကြီးတော့မဟုတ်လှပါဘူး။
အာဏာကိုလက်မလွှတ်ချင်တဲ့နေရာတော့အမေရိကန်လိုနိုင်ငံမှာတောင် သမ္မတက ဥပဒေကိုကျော်ပြီး တတိယအကြိမ်သမ္မတသက်တမ်းကိုစဉ်းစားနေတယ်လို့ပြောထွက်ခဲ့ပါတယ်။ဒါဆိုရင်အာဖရိက၊ အရှေ့တောင်အာရှနဲ့လက်တင်အမေရိကလိုနေရာတွေမှာတော့အာဏာရှင်တွေကဖင်နဲ့ကုလားထိုင် ကပ်ထားဖို့ကိုတွံတေးသိန်းတန်လေသံနဲ့”ပျင်းတောင်ပျင်းသေးတယ်..ဟေ့”လိုအော်ကြမှာပါ။
Cline Centerရဲ့ဒေတာတွေအရ ၁၉၄၅ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အကြားနိုင်ငံပေါင်း၁၄၀ မှာ အာ
ဏာသိမ်းမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ဒီအထဲမှာဘိုလီးဗီးယားက ၄၈ကြိမ်၊ဆူဒန်က၃၁ကြိမ်၊ဗင်နီဇွဲလားက၂၄ကြိမ်၊ ဆီးရီးယားက၂၃ကြိမ်နဲ့အသီးသီပန်းဝင်ကြပါတယ်။
အာဏာသိမ်းပြီးတက်လာတဲ့သူတွေကတော့အကြောင်းနှစ်ချက်ကြောင့်ရွေးကောက်ပွဲကိုကျင်းပကြပါတယ်လို့ How to Sell A Coup: Election as Coup Legitimation စာတမ်းမှာစာရေးသူနှစ်ဦးက ဆိုပါတယ်။
ပထမအချက်ကသူအာဏာသိမ်းတာကိုတရားဝင်အောင်လုပ်တာဖြစ်ပြီး၊ ဒုတိယ အချက်ကတော့သူတို့ပဲဆက်အုပ်ချုပ်သင့်တယ်ဆိုတာကိုတရားဝင်အောင်ပြုလုပ်ဖို့ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံမှာ၂၀၁၃ခုနှစ်တုန်းကရွေးကောက်ခံသမ္မတမိုဟာမက်မော်စီကို ကာကွယ် ရေးဦးစီးချုပ် အယ်လ်စီစီ ဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပါတယ်။၂၀၁၄မှာရွေးကောက်ပွဲလုပ်ပေးပေမယ့် တရားမျှတမှုမရှိဘူးလို့နိုင်ငံတကာကဆိုကြပါတယ်။ရွေးကောက်ပွဲအပြီးမှာတော့ဗိုလ်ချုပ်ကြီးအယ်လ်စီစီကနေသမ္မတကြီးအယ်လ်စီစီဖြစ်လာတော့တာပါပဲ။
၂၀၁၈နဲ့၂၀၂၃မှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေ မှာတော့အတိုက်အခံပြိုင်ဖက်တွေကို နိုင်ငံရေးလုပ်ခွင့်ပယ်ဖျက်ပြီးကျန်တဲ့အဖွဲ့တွေကရွေးကောက်ပွဲကိုသပိတ်မှောက်ကြလို့သူအသာလေးအနိုင်ရခဲ့ပါတယ်။ စီစီတို့ခုထိပြုံးပြံးကြီးအုပ်ချုပ်နေဆဲပါ။
မျက်လှည့်အနေနဲ့ပြောရရင်တော့ဦးထုပ်ထဲကိုမော်စီကိုထည့်ပြီးပြန်ဆွဲထုပ်လိုက်တော့စီစီထွက်လာတာပါပဲ။
သုတေသနပြုမှုတွေအရ ရွေးကောက်ပွဲနဲ့မျက်လှည့်ပြပြီးအာဏာဆုပ်ကိုင်သူအာဏာရှင်တွေက ပိုသက်တမ်းရှည်ပါသတဲ့။ မျက်စိထဲမှာကမ္ဘောဒီးယားက”ဟွန်ဆန်နှင့်သားများကုမ္ပဏီလီမိတက်”ကို မြင်ယောင်မိပါရဲ့။
ရွေးကောက်ပွဲပြီးတဲ့အခါအာဏာရှင်များကဒီမိုကရေစီဆိုင်ရာပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်လို့အမြဲလိုလိုပြောလေ့ရှိကြပါတယ်။ရည်ရွယ်ချက်ကတော့သူတို့ဟာတရားဝင်ကြောင်းနိုင်ငံတကာက အသိအမှတ်ပြုစေချင်လို့ပါပဲ။အကူအညီတွေရဖို့နဲ့အနေအစားချောင်ဖို့ပဲဆိုပါစို့။
သတင်းမီဒီယာကို(နိုင်ငံတော်ကိုမထိပါးရင်)လွတ်လပ်ခွင့်ပေးမယ်လို့ပြောပြီး နိုင်ငံတကာကို ဖြားယောင်းလေ့ရှိပါတယ်။ “နိုင်ငံတော်”ဆိုတာဘာလဲလို့သွားမေးရင်တော့ထိပ်ဆုံးကဆရာသမားက “နိုင်ငံတော်ဆိုတာငါပေါ့ကွ”လို့ပြန်ဖြေမှာပါ။ သူတို့ပြောတာကိုယုံစားပြီးအမှန်တရားကိုထုတ်ဖေါ်မိသူ သတင်းသမားများကတော့နှစ်ရှည်ငါးပိကြော်စားရကိန်းရှိပါတယ်။
အမည်ပြောင်းပြီးတက်လာတဲ့အာဏာရှင်ဟာအသိအမှတ်ပြမှုအထိုက်အလျောက်ရပြီးပြီဆိုရင်တော့ ခိုးရာပါပစ္စည်းများကိုခွဲဝေရေးစမှာပါ။သစ္စာခံတွေကိုရာထူးပေး၊စပွန်ဆာစီးပွားရေးသမားတွေကိုတင်ဒါတွေချပေးတာတွေလုပ်လာကြပါတယ်။
နောက်တစ်ဆင့်မှာတော့အတိုက်အခံတွေကြားမှာအုပ်စုခွဲထုတ်လိုက်တော့တာပါပဲ။သူအမုန်းဆုံး အတိုက်အခံကိုအားနည်းအောင်ပြုလုပ်ဖို့သူနဲ့အဆင်ပြေနိုင်တဲ့အတိုက်အခံကိုနေရာပေးဆက်ဆံတတ်ပါတယ်။နေရာပေးခံရတဲ့လူကလည်းအဟုတ်မှတ်ပြီးပါသွားလေ့ရှိတာနိုင်ငံအတော်များများမှာတွေ့ရလေ့ရှိပါတယ်။ဒီနည်းကအမြဲအလုပ်ဖြစ်ပါတယ်။နိုင်ငံတကာကိုအတိုက်အခံနဲ့လက်တွဲလုပ်တယ်လို့ မျက်လှည့်ပြပြီး၊ပြည်တွင်းကိုလည်းပလီပြတာပါ။
အဟုတ်မှတ်ပြီးပေါင်းမိတဲ့အတိုက်အခံအချို့လည်းအချိန်တန်တော့ငါးပိကြော်စားရတာပါပဲ။ အဲဒီအချိန်ကြမှအာဏာရှင်နဲ့မပူးပေါင်းလို့သူ့အရင်ရောက်နှင့်ပြီးသားရဲဘော်တွေနဲ့ပြန်ပေါင်းထုပ်ရတဲ့ ဇါတ်လမ်းပါ။ Happy Ending တော့မဟုတ်လှပါ။
ဆိုင်းသံဗုံသံတော့ကြားနေရကြောင်းပါ ။မျက်လှည့်ဆရာကတော့ဦးထုပ်ဆောင်းပြီးထွက်လာပါပြီ။ ခဏနေရင်တော့ပြုံးနေတဲ့ယုန်လေးတစ်ကောင်ဦးထုပ်ထဲကထွက်လာတော့မှာပေါ့။
















































