ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် ဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့အကြားအောက်တိုဘာလအတွင်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။
အောက်တိုဘာလအတွင်းမှာ ဗန်းမော်၊ ၀ိုင်းမော်ဘက်က စစ်တပ် တပ်စွဲရာ နေရာအချို့ကိုလည်း KIAဘက်က သိမ်းဆည်းရခဲ့တာရှိပါတယ်။
ဖားကန့်ဒေသမှာတိုက်ပွဲတွေဖြစ်တာ လေးလကျော် လာပြီဖြစ်တာကြောင့် စစ်ရှောင်နေရတဲ့ပြည်သူတွေ ပိုခက်ခဲလာပါတယ် ။ ဒါ့အပြင် ဖားကန့်ဘက်မှာ စစ်တပ်ကရော ၊ KIA ကပါ လူငယ်တွေကို စစ်သားစုဆောင်းနေတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒါကြောင့် ကချင်ဒေသ လတ်တလော စစ်ရေးအခြေအနေတွေ၊ ဖားကန့်ဒေသ မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်သားသစ်စုဆောင်းမှု သတင်းတွေနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံ People’s Spring က ဆက်သွယ်မေးမြန်းထားချက်အချို့ကို ဖော်ပြလိုက်ပါတယ်။

Public Service Announcement
မေး-ကချင်ဒေသ လတ်တလော တိုက်ပွဲဖြစ်ပွားမှုတွေအကြောင်း ရှင်းပြပေးပါလား။
ဖြေ-ကျနော်တို့ ကချင်ပြည်နယ်ဘက်ရဲ့ စစ်ရေးအခြေအနေကို ပြောမယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲကတော့ ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့်ဘက်မှာတော့ နေ့တိုင်းလိုရှိပါတယ်။ ဒါပေမဲ့ သိပ်ပြီးမှ စစ်ကော်မရှင်ဘက်ကနေလည်း ကျနော်တို့ရဲ့နေရာတွေကို သိမ်းယူနိုင်တဲ့အနေအထားမရှိသလို ကျနော်တို့လည်း စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေ သူတို့ရဲ့ ဌာနတွေကို အသစ်ပြန်သိမ်းနိုင်တာတော့မရှိဘူး။ ဒါပေမဲ့ ဗန်းမော်ဘက်မှာ စစ်ကောင်စီရဲ့ကာကင်းစခန်းတွေ တချို့သော လုံခြုံရေးချထားတဲ့နေရာတွေ ကျနော်တို့ သိမ်းယူတာ ရှိပါတယ်။ထိုနည်းတူ ၀ိုင်းမော်၊ လမြန်ဘက်မှာလည်း သူတို့ရဲ့ ကာကင်းချထားတဲ့နေရာတွေကို ကျနော်တို့ဘက်က သိမ်းတာရှိပါတယ်။ စစ်မြေပြင်ဆိုတော့ တခါတလေကတော့ ကျနော်တို့ ရှိတဲ့နေရာလည်း သူတို့ ယူထားတာရှိသလို သူတို့ ယူထားတဲ့နေရာလည်း ကျနော်တို့ယူထားတာရှိပါတယ်။ ခိုင်ခိုင်မာမာ လုပ်ထားတဲ့ စခန်းတွေတော့မဟုတ်ဘူး။ကာကင်းတွေ လုပ်ထားတဲ့ လုံခြုံရေးချထားတဲ့နေရာတွေကို ယူထားတာတော့ရှိပါတယ်။
မေး-ဖားကန့်ဘက်မှာတော့ တိုက်ပွဲဖြစ်တာ၊ ပြည်သူထိခိုက်သေဆုံးရတာစစ်ရှောင်နေရတာနဲ့ စစ်သားစုဆောင်းမှု သတင်းတွေလည်း ကြားသိရပါတယ်။အဲဒီအခြေအနေတွေအပေါ်ပြောပြပေးပါလား။
ဖြေ-ဖားကန့်ဘက်မှာလည်းဒီအတိုင်းပါပဲ။စစ်ကောင်စီဘက်က သူတို့ ရဲ့ စစ်ကြောင်းတွေ တော်တော်လှုပ်ရှားတာတွေ့ရပါတယ်။အဓိက ကတော့တပ်မ (၃၃)က ဖားကန့်ကနေ ပြောင်းဖို့ အမိန့်ရတယ်လို့ ကျနော်တို့ ကြားတာကတော့ ကြားပါတယ်။ ဒါပေမဲ့ သူတို့လည်း ဖားကန့်ကနေ မထွက်နိုင်ဘူး။ဆိုတော့ သူတို့ထွက်ဖို့လမ်းတွေကို ရှာတာလား မသိဘူးပေါ့။သူတို့တော်တော်များများ နေရာမှာ စစ်ကြောင်းတွေထိုးကြည့်တာ၊ ပြန်ပြီးမှပြန်ရပ်နေတာ အဲဒီလိုမျိုးရှိပါတယ်။ နောက်တခုရှိတာက သူတို့ ဖားကန့်ကို အားလုံး ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာလားမသိဘူး။ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်လည် နီးလာတယ်ဆိုတော့ မဲဆွယ်ဖို့အတွက် ပြည်သူလူထု အားလုံးကို သူတို့ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလား မသိဘူး။သူတို့လည်းစစ်ရေးလှုပ်ရှားတာတွေ့ရပါတယ်။ဒါပေမဲ့ခုထက်ထိကတော့ ပြည်သူလူထုတွေအားလုံးကတော့ ကျနော်တို့ ထိန်းချုပ်ထားတဲ့နေရာမှာပဲ ရှိနေကြပါတယ်။
စစ်ရှောင်ပြည်သူလူထုတွေလည်း ရှိပါတယ်။
တိုက်ပွဲမှာကတော့ နှစ်ဖက်ကျဆုံးတာတော့ ရှိမှာပါ။ ဒါကတော့ အတိအကျ ကျနော်တို့ သတင်းဌာနအနေနဲ့ မရဘူး။ ဒီနေ့(အောက်တိုဘာ ၁၄)လည်းလက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ရှိတယ်။ ဆိုးတာကတော့ စကစ ဘက်ကနေ ပြည်သူလူထုတွေရှိတဲ့ လူနေရပ်ကွက်တွေမှာ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ ဆူဆိုက်ဒရုန်းနဲ့ ပစ်တာတွေ အဲဒါကြောင့် ပြည်သူလူထုတွေ ထိခိုက်တာတွေရှိပါတယ်ဆိုတာကတော့ သတင်းဆိုးလို့ ပြောရမှာပေါ့။
မေး-KIO/KIA ရဲ့ စစ်သားသစ်စုဆောင်းမှု မူဝါဒကို ရှင်းပြပေးပါလား။လတ်တလော လူသစ်စုဆောင်းမှု သတင်းတွေလည်းထွက်နေတော့ ရှင်းပြပေးပါလား။
ဖြေ-KIO/KIA ရဲ့ လူသစ်စုဆောင်းတဲ့ ပေါ်လစီကတော့ ကျနော်အမြဲတမ်း ပြောနေတဲ့ ပေါ်လစီပါပဲ။ ကျနော်တို့က အဓိကတော့ စည်းရုံးပြီးမှ စုစည်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခါတလေကျတော့ လူငယ်တွေလည်း စည်းရုံးတာကို လက်မခံဘူး။ စည်းရုံးတာကိုလည်း သူတို့ မလိုက်နာဘူး။ အဲဒါကြောင့် ထွက်ပြေးတာတွေလည်းရှိတယ် ရှောင်သွားတာတွေလည်းရှိတယ်။ အဲဒီအချိန်မှာတော့ သိတဲ့အတိုင်း ရဲဘော်တွေ စစ်သားတွေဆိုတော့ ရှေ့တန်းက ရှေ့တန်းသမားတွေကတော့ဖမ်းတာတွေလည်းရှိပါတယ်။နောက်လူသစ်စုဆောင်းတယ်ဆိုတာကတော့ ကျနော်တို့ KIO/KIA တဖွဲ့တည်းပဲ စုဆောင်းတာတော့ မဟုတ်ဘူး။ အားလုံး စုဆောင်းကြတာပဲ။စစ်ကော်မရှင်တွေလည်း အမိန့်နဲ့တောင်မှ စုဆောင်းတာရှိပါတယ်။ ဖမ်းတာဆီးတာလည်း အားလုံးကျနော်တို့ သိပါတယ်။ ဒါကြောင့် လူသစ်စုဆောင်းတယ်ဆိုတာကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အထူးအဆန်းတော့ မဟုတ်ဘူး ပေါ့။ နောက်တခု ပြောမယ်ဆိုလို့ရှိရင်တော့ အခုအချိန်မှာကတော့ လူသစ်စုဆောင်းတယ်ဆိုတာကတော့ လုပ်ကို လုပ်သင့်တဲ့ လုပ်ရတဲ့ အချိန်ကာလဖြစ်ပါတယ်။ ကျနော်တို့ KIO လည်း ကျနော်တို့ ကချင်တိုင်းရင်းသူ တိုင်းရင်းသားတွေကို အဓိက စည်းရုံးပါတယ်။တခြားသောကချင်ပြည်နယ်မှာ မီတင်းနေထိုင်ကြတဲ့ ဌာနေ တိုင်းရင်းသားတွေ အားလုံးကိုလည်း အတက်နိုင်ဆုံး လူသစ်စုဆောင်းတဲ့နေရာမှာ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဒီအချိန်အခါမှာ မြန်မာနိုင်ငံ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အားလုံးကြိုးစားနေတဲ့ တော်လှန်ရေးအချိန်အခါဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမှာ ပါဝင်ဖို့ ဆိုတာ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကျနော်တို့ ကချင်တိုင်းရင်းသားတွေသာမကဘူးတခြားသော တိုင်းရင်းသား တွေအားလုံးလည်း ပြည်သူလူထုတွေအားလုံးလည်း ပါဝင်သင့် ပါဝင်ထိုက်တယ်။ ကျနော်တို့ရဲ့ ဘုံရန်သူကို ချေမှုန်းတဲ့ အချိန်မှာ နေရာမှာ ပါဝင်ဖို့ လိုအပ်နေတဲ့ တာဝန်ရှိပါတယ်ဆိုတာ ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်။ ။
