close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ လုပ်ရပ်တွေက ရုရှားကို ရန်သူလို ဆက်ဆံနေတာလို့ ပူတင်ရဲ့ လက်ရုံးပြော

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ရပ်တွေဟာ ရုရှားကို ရန်သူလို ဆက်ဆံတဲ့အဆင့် ဖြစ်လာနေပြီလို့ ရုရှား သမ္မတဟောင်း ဒီမစ်ထရီ မက်ဗီဒက်ဗ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ရပ်တွေဟာ ရုရှားကို ရန်သူလို ဆက်ဆံတဲ့အဆင့် ဖြစ်လာနေပြီလို့ ရုရှား သမ္မတဟောင်း ဒီမစ်ထရီ မက်ဗီဒက်ဗ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

မက်ဗီဒက်ဗ်ဟာ လက်ရှိ ရုရှား လုံခြုံရေးကောင်စီ ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူထားပြီး သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အားအထားရဆုံး လက်ရုံးတစ်ဦးလို့ သတ်မှတ် ခံထားရပါတယ်။ သူဟာ စကားကို အထိန်းအကွပ် သိပ်မထားဘဲ ပြောဆိုတတ်ပြီး အရင်ကလည်း ထရမ့်ကို ထိုးနှက် ဝေဖန်တာတွေ ရှိခဲ့ဖူးပါတယ်။

ထရမ့်က ရွေးကောက်ပွဲကြို မဲဆွယ်နေတဲ့ ကာလတွေအတွင်း ရုရှားနဲ့ ယူကရိန်း စစ်ပွဲကို ရုရှားနဲ့ အမေရိကန်ကြားက သွယ်ဝိုက်စစ်ပွဲလို့ ရည်ညွှန်းခဲ့ပြီး သူသာ သမ္မတ ဖြစ်လာရင် စစ်ကို အမြန်ဆုံး ရပ်တန့်စေမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ ထရမ့်ဟာ စစ်ရပ်စဲရေး ဆွေးနွေးတိုင်း ပူတင်ရဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေမှုတွေကို သိသိသာသာ စိတ်ပျက်လာတဲ့ အရိပ်အယောင်တွေ ပြသလာနေပါတယ်။

ထရမ့်ဟာ ယူကရိန်းကို ၃ နှစ်ခွဲကျော် စစ်တိုက်နေတဲ့ထိ မနိုင်တဲ့ ရုရှားကို စက္ကူကျားလို့ သုံးနှုန်း ဝေဖန်ခဲ့ဖူးသလို အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ သူနဲ့ပူတင်တို့ မကြာခင် တွေ့ဆုံဖို့ ညှိနှိုင်းနေတာကို ရုတ်တရက် ဆိုင်းငံ့စေခဲ့ပါတယ်။ ထရမ့်က သူဟာ အချိန်ဖြုန်းရုံသက်သက် ဆွေးနွေးမှုတွေကို မလုပ်ချင်တော့ဘူးလို့ ပြောပါတယ်။ အဲဒီနောက် ရုရှားရဲ့ အကြီးဆုံး ရေနံ ကုမ္ပဏီ နှစ်ခုကိုလည်း အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မက်ဗီဒက်ဗ်ကတော့ ဒီကိစ္စတွေအပေါ် အခဲမကျေနိုင် ဖြစ်နေပြီး ထရမ့်ဟာ သူ့ကိုယ်သူ ငြိမ်းချမ်းရေး ညှိနှိုင်း တည်ဆောက်ပေးနေသူ တစ်ယောက်အဖြစ် ဟောင်ဖွာဟောင်ဖွာ ပြောနေပေမယ့် လုပ်ရပ်တွေကတော့ ရုရှားနဲ့ ရန်သူဖြစ်ချင်နေပြီး စစ်ပွဲဆီ လမ်းကြောင်း ဦးတည်နေစေတယ်လို့ Telegramမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ချမှတ်နေတဲ့ ဆုံးဖြတ်ချက်တွေဟာ ရုရှားကို စစ်ဆင်နွှဲသလို ဖြစ်နေကြောင်း၊ အခုဆိုရင် ထရမ့်ဟာ စိတ်မနှံ့တဲ့ ဥရောပနိုင်ငံတွေနဲ့ အပြည့်အဝ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။

ဩဂုတ်လတုန်းက ထရမ့်ဟာ မက်ဗီဒက်ဗ်ဆီက သူ့ကို အလွန်အကျွံ စွပ်စွဲစော်ကားတဲ့ စကားတွေကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှား ပိုင်နက်နားထိ အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော နှစ်စီးကို ချဉ်းကပ် နေရာယူထားဖို့ အမိန့်ပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

မက်ဗီဒက်ဗ်ကတော့ ထရမ့်ရဲ့ လုပ်ပေါက်တွေကို ကြည့်ရင် ရုရှား အနေနဲ့ အခုအခါ ယူကရိန်းအပေါ် ညှာတာနေစရာ မလိုတော့ဘဲ ပိုမို စုံလင်ကွဲပြားတဲ့ လက်နက်တွေ ထုတ်သုံးပြီး တိုက်ခိုက်လို့ ရနေပြီဆိုတာ မြင်သာလာစေကြောင်း ပြောပါတယ်။

ထရမ့်ရဲ့ အစိုးရက ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု နည်းလမ်းတွေ စတင် အသုံးပြုလာတာနဲ့ ပတ်သက်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက သမ္မတဟောင်း ဂျိုးဘိုင်ဒန် ကျင့်သုံးခဲ့တဲ့ မူဝါဒတွေနဲ့ ဆင်တူနေကြောင်း ထောက်ပြခဲ့ပြီး ရလဒ်အနေနဲ့လည်း တူညီတဲ့ အလုပ်မဖြစ်မှုဆီ ဦးတည်လိမ့်မယ်လို့ သတိပေးသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှား ကုမ္ပဏီတွေဆီက ရေနံ ဝယ်ယူမှုတွေကို တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှား နျူကလီးယား တပ်တွေရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ကွပ်ကဲခဲ့တယ်လို့ ရုရှား အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက် ဖိအားပေးမှု တစ်ခုအဖြစ် ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို အမေရိကန်က အရေးယူ ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ နည်းပညာမြင့် တာဝေးပစ် ခရုစ်ဒုံးကျည်ကို အသုံးပြုပြီး ရုရှား ဓာတုပစ္စည်း စက်ရုံတစ်ခုကို ယူကရိန်းက တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

Facebook