အောက်တိုဘာ-၁၅၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဘုရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက် မနေ့ ည ၇ နာရီခွဲခန့်ကမုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ် မအူဂိတ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မုံရွာ အနောက်တောင်ခြမ်းရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၆ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အဲဒီပစ်ခတ်မှုတွေထဲက လက်နက်ကြီးတချို့ဟာ မုံရွာ-အမြင့်လမ်းဘေးက ဘုရွာကိုပါ လက်နက်ကြီး ၂ လုံး ကျရောက်ပြီး နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ ၅ အိမ်လောက်ထိတယ်။ အိမ်တအိမ်ပေါ်ကျပြီး ပေါက်ကွဲပြီး မီးလောင်တယ်။ နွားတွေလည်းသေတယ်။ လူတွေတော့ အထိအခိုက်မရှိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ မနက် ၁၁ နာရီခွဲခန့်ကလည်း ကျောက္ကာရွှေဂူနီဘုရားမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်၊ သီတင်းကျွတ်လပြည့်ညက မုံရွာခရိုင်၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက်မှာလည်း စစ်ကောင်စီတပ်က မုံရွာနဲ့ချောင်းဦးနယ်တွေကို လက်နက်ကြီးတွေ နေ့စဥ်ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူတွေထိခိုက်သေဆုံးကာ နေအိမ်ပျက်စီးတာတွေ ရှိနေပါတယ်။




















































