close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြမှုတွေ ကြုံနေရတဲ့ မာဒါဂါစကာ သမ္မတ ထွက်ပြေး၊ စစ်တပ်က အာဏာသိမ်း

လူထု အုံကြွမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မာဒါဂါစကာ သမ္မတ ထွက်ပြေးသွားတဲ့နောက် စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

လူထု အုံကြွမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မာဒါဂါစကာ သမ္မတ ထွက်ပြေးသွားတဲ့နောက် စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း သိရပါတယ်။

သမ္မတ အန်ဒရီ ရာဂျိုလီနာဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတွေမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ လူထုအတွက် ကောင်းကျိုး အခွင့်အလမ်းကောင်းတွေ ကင်းမဲ့နေမှုတွေကြောင့် ပြည်သူလူထုရဲ့ ငြိုငြင်မှုကို ခံနေခဲ့ရပါတယ်။ အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းနိုင်ငံမှာ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ သီတင်းပတ်တွေနဲ့ချီ ကြာမြင့်လာတဲ့နောက် ရာဂျိုလီနာရဲ့ အစိုးရ ကြာကြာ တောင့်မခံနိုင်တော့ဘူးဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေခဲ့ပြီးသားပါ။

နောက်ပိုင်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်သားတွေကပါ ပူးပေါင်းလာခဲ့တဲ့နောက် ရာဂျိုလီနာက စစ်တပ်ဟာ အာဏာသိမ်းဖို့ အကွက်ဆင် ကြံစည်နေတာလို့ စွပ်စွဲခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ မာဒါဂါစကာမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး ရာဂျိုလီနာရဲ့ အစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။

သမ္မတက နိုင်ငံကနေ ထွက်ပြေးသွားပြီး လောလောဆယ် ဘယ်ရောက်နေသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ သူ့ကို စွပ်စွဲပြစ်တင် အရေးယူဖို့ လွှတ်တော်က မဲခွဲ အတည်ပြုလိုက်ချိန်မှာပဲ ရာဂျိုလီနာက ထွက်ပြေးသွားတာပါ။ သူနဲ့ နီးစပ်သူတွေကတော့ သမ္မတဟာ ဘေးကင်းတဲ့ နေရာတစ်ခုမှာ ရှိနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မာဒါဂါစကာရဲ့ ထိပ်တန်း စစ်ရေးယူနစ်ဖြစ်တဲ့ CAPSATက စစ်တပ်နဲ့ တပ်ထိန်း အရာရှိတွေ ပါဝင်တဲ့ အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းပြီး ဝန်ကြီးချုပ်သစ် တစ်ဦးကို ယာယီ ခန့်အပ်မှာဖြစ်ကြောင်း၊ အဲဒီနောက် အရပ်သား အစိုးရတစ်ရပ် ပြန်လည် ပေါ်ထွန်းလာရေး အရှိန်မြှင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လောလောဆယ် နိုင်ငံအာဏာကို လက်လွှဲ ရယူထားလိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒီ ရန်နီရီနာက မြို့တော် အန်တန်နာနာရီဗိုမှာရှိတဲ့ သမ္မတ အိမ်တော်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ ရာဂျိုလီနာ အစိုးရ ပြုတ်ကျသွားပြီ ဆိုတာကို ကြားသိရတဲ့နောက် မြို့ထဲမှာတော့ ဆန္ဒပြသူတွေနဲ့ စစ်သားတွေ ပူးပေါင်းပြီး အောင်ပွဲခံခဲ့ကြပါတယ်။

စစ်တပ်က အာဏာသိမ်းထားစဉ် အတောအတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ဆိုင်းငံ့ထားမှာဖြစ်ပြီး လူထုဆန္ဒခံယူပွဲ တစ်ခုကိုတော့ ၂ နှစ်အတွင်း ကျင်းပသွားမယ်လို့ ရန်နီရီရာက ဆိုပါတယ်။ ဒါပေမဲ့ သူက အစီအစဉ်ရဲ့ အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

အသက် ၅၁ နှစ်အရွယ် ရာဂျိုလီနာ ကိုယ်တိုင်လည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထောက်ခံမှုနဲ့အတူ ၂၀၀၉ ခုနှစ်မှာ အာဏာရလာခဲ့တာပါ။ သူ့ကို လွှတ်တော်က စွပ်စွဲ အပြစ်တင်ရေးကိစ္စ ဆုံးဖြတ်မယ့် အချိန် အဝေးတစ်နေရာကို ရောက်နေတဲ့ ရာဂျိုလီနာက အဲဒီ အားထုတ်မှုကို ဟန့်တားတဲ့ အနေနဲ့ လွှတ်တော်ကို ဖျက်သိမ်းစေဖို့ ညွှန်ကြားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ရာဂျိုလီနာရဲ့ သမ္မတရုံးကတော့ ရန်နီရီရာရဲ့ ကြေညာချက်ကို ရှုတ်ချပြီး စစ်တပ် အာဏာသိမ်းမှုက တရားမဝင်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ မာဒါစကာ နိုင်ငံဟာ အတင်းအကျပ် နည်းလမ်းမျိုးနဲ့ သိမ်းယူထိန်းချုပ်တာနဲ့ မထိုက်တန်ဘူးလို့ သမ္မတရုံးက ဆိုပါတယ်။

မာဒါစကာဟာ အာဖရိကတိုက် တောင်ပိုင်းရဲ့ အရှေ့ဖက် ကမ်းလွန်မှာ သီးခြားတည်ရှိတဲ့ ကျွန်းကြီးပေါ်က နိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၃၀ လောက် နေထိုင်ပါတယ်။ ပြီးတော့ စုံလင် ကွဲပြားလှတဲ့ ဇီဝသက်ရှိ မျိုးစိတ်တွေ မှီတင်းနေထိုင်ကြတာကြောင့်လည်း ထင်ရှားပါတယ်။

မာဒါစကာ နိုင်ငံရဲ့ လူဦးရေ ၇၅ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲနွမ်းပါးမှု စံနှုန်းအောက် ရောက်နေပြီး လူနေ စရိတ်တွေလည်း ကြီးမြင့်လာတာကြောင့် Gen Zလူငယ်တွေ ဦးဆောင်တဲ့ အစိုးရ ဆန္ဒပြပွဲတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ စစ်တပ်ကပါ ဆန္ဒပြသူတွေဖက်က ပူးပေါင်း ရပ်တည်လာတဲ့နောက် သမ္မတရဲ့ အာဏာစက်က အဆုံးသတ်ဖို့ သေချာသလောက် ရှိနေကြောင်း စတင် မြင်သာလာစေခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီးစပ်သူတွေကတော့ ဂယ်လီဟာ အသက်ရလာပေမယ့် အားကစားသမားဟောင်း တစ်ဦးပီပီ ကြံ့ခိုင်ပြီး သက်လုံ အရမ်းကောင်းတယ်လို့ မှတ်ချက် ပေးကြပါတယ်။ သူဟာ ရဲတပ်ဖွဲ့မှာ နှစ်ပေါင်း ၃၀ လောက် အမှုထမ်းပြီးတဲ့နောက် ဝန်ကြီး ဖြစ်လာခဲ့တာပါ။

Facebook