ကမ္ဘာကျော် KPop ဂီတ အဆိုတော်မလေး လီဆာကို ထိုင်းကမ္ဘာလှည့် ခရီးသွား မြှင့်တင်ရေး သံတမန် တစ်ဦးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ထိုင်းကမ္ဘာလှည့် ခရီးသွား အာဏာပိုင်အဖွဲ့ (TAT)က လီဆာဟာ Amazing Thailand ကမ္ဘာလှည့် ခရီးသွား မြှင့်တင်ရေး လှုပ်ရှားမှုရဲ့ ပုံရိပ်ကို ကူညီ မြှင့်တင်ပေးသွားမယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
TATရဲ့ အကြီးအကဲ သာပါနီ ကီယတ်ဖိုင်ဘူလ်က လီဆာဟာ ထိုင်းနိုင်ငံရဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေ၊ ဖော်ရွေမှုတွေကို ကမ္ဘာကြီးဆီ ကူညီ မိတ်ဆက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

Public Service Announcement

Amazing Thailandနဲ့ လီဆာတို့ ပူးပေါင်းနိုင်ခဲ့ခြင်းဟာ ထိုင်းနိုင်ငံရဲ့ ဖော်ရွေမှု၊ ကွဲပြားစုံလင်မှု၊ လှပခမ်းနားမှုတွေကို သစ်လွင်တဲ့ ရှုထောင့်တစ်ခုကနေ မိတ်ဆက်နိုင်မယ့် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီပူးပေါင်းမှုကြောင့် ထိုင်းရော၊ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကပါ Amazing Thailandရဲ့ ပဉ္စလက်ဆန်တဲ့ တွေ့ရှိမှုတွေကို ပိုမို ထိတွေ့ခွင့် ရလာလိမ့်မယ်လို့ သာပါနီက ဆိုပါတယ်။
သူက လီဆာဟာ ထိုင်းနိုင်ငံမှာ ဂုဏ်အယူရဆုံး ရင်းမြစ်တွေထဲက တစ်ခုလို့လည်း ညွှန်းဆိုခဲ့ပါတယ်။ အထူးအောင်မြင်ပြီး လူပေါင်းများစွာကို လွှမ်းမိုးနိုင်တဲ့ လီဆာလို မိန်းကလေးက ထိုင်းနိုင်ငံရဲ့ အလှအပနဲ့ ထူးကဲတဲ့ ဝိသေသတွေအကြောင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောပြပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးသွားပါတယ်။

ထိုင်းဟာ အဓိက နိုင်ငံခြားဝင်ငွေ ရင်းမြစ်တစ်ခုဖြစ်တဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ ကျဆင်းမှုတွေ ကြုံလာရတဲ့နောက် အခြေအနေတွေ ပြန်တိုးတက်လာအောင် ဘက်ပေါင်းစုံက ကြိုးစားပြီး ပြင်ဆင်နေပါတယ်။
အခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လလယ်ထိ အခြေအနေအရ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ကမ္ဘာလှည့် ခရီးသွား အရေအတွက်ဟာ မနှစ်ကထက် ၇ ရာခိုင်နှုန်း ကျဆင်းပြီး ၂၁ သန်းလောက် ရှိခဲ့ပါတယ်။
လီဆာဟာ တောင်ကိုရီးယား KPop ဂီတအဖွဲ့ Blackpinkနဲ့အတူ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အနုပညာရှင် တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
ကိုးကား – Bangkok Post

















































