ဖမ်းဆီး ထိန်းသိမ်းထားချိန် အတောအတွင်း သေဆုံးခဲ့တဲ့ အစ္စရေး ဓားစာခံတွေထဲက ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ဟားမားစ် ပြောက်ကျားတွေက ပြန်လည် ပေးအပ်ခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့က ဂါဇာကနေ အဲဒီ အလောင်းတွေကို သယ်ဆောင်လာတဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်းရဲ့ ကားတွေဟာ အစ္စရေး ပိုင်နက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။
အစ္စရေး အစိုးရက ဟားမားစ်တွေ လက်ထဲမှာ ကျန်နေတဲ့ အသက်ရှင်လျက်သား ဓားစာခံ ၂၀ နဲ့ သေဆုံးခဲ့သူ ၂၈ ဦးကို အကုန်အစင် လက်လွှဲယူမှု မပြီးမချင်း ဂါဇာကို လူသားချင်း စာနာမှု အထောက်အပံ့တွေ အလုံးအရင်း တင်ပို့ခွင့် ပြုမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
အခုအချိန် အထိတော့ ဟားမားစ်တွေဟာ အသက်ရှင်ကျန်သူ ဓားစာခံ ၂၀ စလုံးနဲ့ ရုပ်အလောင်း ၄ ခုကို ပြန်လည် ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ဓားစာခံတွေရဲ့ ပထမအသုတ် ရုပ်အလောင်းတွေ လက်ခံ ရရှိခဲ့တဲ့နောက် အစ္စရေးကလည်း ဖမ်းဆီး ထိန်းသိမ်းထားချိန် သေဆုံးခဲ့တဲ့ ပါလက်စတိုင်း အကျဉ်းသား ၄၅ ဦးရဲ့ အလောင်းတွေကို ပါလက်စတိုင်းဖက် ပြန်လွှဲပေးခဲ့ပါတယ်။

Public Service Announcement
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အဆိုပြုတဲ့ ငြိမ်းချမ်းရေး အစီအမံတွေကို အစ္စရေးရော၊ ဟားမားစ်ကပါ လက်ခံခဲ့တဲ့နောက် လောလောဆယ် ဂါဇာမှာ အပစ်အခတ် ရပ်စဲနေပါတယ်။ မူလက အစ္စရေး ဓားစာခံတွေနဲ့ အလောင်းတွေ အားလုံးကို အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ လက်လွှဲပေးရမှာ ဖြစ်ပေမယ့် ရုပ်အလောင်းတွေ လွှဲပြောင်းပေးဖို့ ကိစ္စကို ဟားမားစ်ဖက်က ကြန့်ကြာနေပါတယ်။
ပါလက်စတိုင်း ပြည်သူတွေကတော့ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး နောက်ထပ် တင်းမာမှုတွေ ဖြစ်လာရင်း ဂါဇာရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေကို ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။
အစ္စရေးစစ်တပ် (IDF)ကတော့ ဟားမားစ် အနေနဲ့ သဘောတူထားတဲ့ အချက်တွေကို တိတိကျကျ လိုက်နာဖြည့်ဆည်းဖို့ လိုကြောင်း၊ အသက်ရှင်သူ၊ သေဆုံးသူ ဓားစာခံ အားလုံးကို သက်ဆိုင်ရာ မိသားစုတွေဆီ ပြန်လည် လွှဲအပ်ပေးဖို့ လိုကြောင်း ထပ်လောင်း သတိပေးထားပါတယ်။
ရုပ်အလောင်းတွေကို ပြန်လွှဲပေးရမယ့် သတ်မှတ်ရက်ကို ကျော်သွားပြီ ဖြစ်ပေမယ့်လည်း ကြိုတင် ညှိနှိုင်းထားချိန် ကတည်းက ဟားမားစ်နဲ့ တခြား ပါလက်စတိုင်း ပြောက်ကျား အဖွဲ့တွေဟာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ပြန်လည် စိစစ်ဖို့ အချိန်ပိုပြီး လိုအပ်နိုင်တယ်ဆိုတဲ့ အချက်ကို အစ္စရေးက လက်ခံပေးထားခဲ့ပါတယ်။
တကယ်လို့ ရုပ်အလောင်းတွေ အစုံအလင် ပြန်မရဘူးဆိုရင် လိုက်ရှာဖို့အတွက် နိုင်ငံတကာ စုပေါင်း အဖွဲ့အစည်း တစ်ခုက ဝင်ရောက် တာဝန်ယူပေးတာမျိုး ရှိနိုင်တယ်လို့လည်း အစ္စရေးက ဆိုပါတယ်။
ထရမ့်ကတော့ ရုပ်အလောင်းတွေ အစ္စရေးဆီ စတင်ရောက်ရှိလာကြောင်း သတင်းကို အတည်ပြုနိုင်ခဲ့တဲ့အတွက် အများကြီး စိတ်သက်သာသွားမိတယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အစ္စရေး ၁၂၀၀ ကျော်ကို သတ်ဖြတ်ပြီး ၂၅၀ ကျော်ကို ဓားစာခံတွေအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ အခုတော့ အသက်ရှင်ကျန်တဲ့ ဓားစာခံ အားလုံး လွတ်မြောက်ပြီး ရုပ်အလောင်း နှစ်ဒါဇင်သာ ဟားမားစ် လက်ထဲမှာ ကျန်နေတာ ဖြစ်ပါတယ်။
ကိုးကား: BBC

















































