စက်တင်ဘာ-၂၂၊၂၀၂၅။ဇေအောင်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဆေးရုံတက်သူတွေကို ထမင်းဝေနေတဲ့ ပရဟိတအသင်းအခန်း ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံလိုက်ရပါတယ်။
စက်တင်ဘာ ၂၁ ရက်ညပိုင်းက ပခုက္ကူမြို့၊ ထင်းတန်းလမ်း၊မြို့နယ်ဆေးရုံရှေ့ရှိအာယုသုခအသင်းရဲ့ထမင်းအာဟာရဒါနအဆောက်အဦးငယ် ဖောက်ထွင်းခံရကြောင်း၊ အဲဒီအဆောက်အဦးထဲက ဆန်၊ ဆီ၊ ငါးပိတွေနဲ့ ဒန်အိုး၊ ဒန်ခွက်တွေကိုပါ ခိုးယူသွားကြောင်း အသင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ တောရွာတွေကလာပြီး ဆေးရုံတက်တဲ့လူတွေကို ထမင်းအခမဲ့ ဝေတဲ့နေရာကို ဝင်ခိုးသွားတာ” လို့ပခုက္ကူမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement
အသင်းအတွက် ဒန်အိုး၊ ဒယ်အိုးတွေလိုအပ်နေတာကြောင့် အဟောင်းတွေပြန်ရောင်းလိုသူတွေရှိရင် ဝယ်ယူချင်ကြောင်း အသင်းက အသိပေးထားပါတယ်။
ပခုက္ကူမြို့ပေါ်မှာ သူခိုးအခိုးခံရတဲ့ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်အုပ်စုက ဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားနေပြီး ပြည်သူတွေဟာ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ သတင်းရရှိပါတယ်။

















































