ဩဂုတ်-၂၄၊ ၂၀၂၅။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ဆုတ်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ် ဖွဲ့၀င်များ မြေဖို့ဝှက်ထားခဲ့သော လက်နက်သုံးလက်နှင့် ဗုံးသီးအချို့ကို ဒေသခံများက အပ်နှံလာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်ကယနေ့(ဩဂုတ် ၂၄ရက်)တွင်သတင်းထုတ်ပြန် သည်။
ဒေသခံများ လက်နက်အပ်နှံသည့် နေ့ရက်ကို ဖော်ပြမထားသော်လည်း စစ်ကောင်စီတပ် ဝှက်ထားသည့် MA4 (၁)လက် ၊ MA 3 (၁)လက်၊MA1 (၁)လက် ၊ ၄၀မမ ဗုံးသီး(၅)လုံးနှင့် အခြားလက်နက်ဆက်စပ်ပစ္စည်းများအား တာ၀န်သိပြည်သူများမှ စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံခဲ့ကြောင်း၊ ဒေသခံများကို ဆုကြေးငွေများ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ဩဂုတ် ၂၂ရက်ကလည်း CDFမင်းတပ်က ဒေသခံ ပြည်သူများလက်နက်အပ်နှံမှု သတင်းတရပ်ထုတ်ပြန်ထားသည်။

Public Service Announcement
ထိုစဉ်က စစ်ကောင်စီ မြေဖို့ဝှက်ထားသည့် စက်လက်သေနတ် ၁လက်၊ RPG 7 ၁လက်၊ လက်နက်ငယ် ၂လက်တို့ ဖြစ်ပြီး ဒေသခံများကို ဆုငွေများ ပြန်ပေးခဲ့သည်ဟု အသိပေးထားသည်။
CDF မင်းတပ်ပါဝင်သည့် ချင်းညီနောင်နှင့် မဟာမိတ်များသည် ၂၀၂၄ ဒီဇင်ဘာတွင် မင်းတပ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်သားများလည်း ထွက်ပြေးသွားရာ ၎င်းတို့ ဝှက်ထားသည့် လက်နက်များကို ဒေသခံများကတွေ့ရှိပြီး လာရောက်အပ်နှံသည့် ဖြစ်စဉ်များရှိခဲ့ဟု CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောထားသည်။
စစ်ကောင်စီတပ်ထွက်ပြေးသွားပြီးနောက် CDF မင်းတပ် တပ်ဖွဲ့ဝင်များ၊ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဝှက်ထားသည့် လက်နက်ခဲယမ်းများကို လိုက်လံရှာဖွေခဲ့ဖူးပြီး တောတောင်ကျယ်၍ အားလုံး ရှာမတွေ့နိုင်သည့် အခြေအနေတွင် ဒေသခံများ ရှာတွေ့ပြီး ယခုကဲ့သို့ အပ်နှံလာခြင်းဖြစ်သည်ဟု ဆိုသည်။
