စစ်တပ်ရောက်နေတဲ့နေရာလို့ နောင်ချိုဒေသခံပြော
ဩဂုတ်-၂၄၊၂၀၂၅။ခွန်ဖ/People’s Spring
မန္တလေး – လားရှိုး ရထားလမ်းပိုင်းပေါ်က ကမ္ဘာကျော်ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှု ဒီကနေ့(ဩဂုတ် ၂၄ရက်)နံနက်က ဖြစ်ပွားခဲ့ပါတယ်။
လက်တလောမှာ ရှမ်းမြောက်ကကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာနားမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပါတယ်။

Public Service Announcement

အခု ဖျက်ဆီးခံရတဲ့ ဂုတ်ထိပ်တံတားကလည်း နောင်ပိန်ကျေးရွာနားမှာ ဖြစ်ပါတယ်။
“ကျောက်မဲဘက်ခြမ်းက တံတားအစွန်အဖျားနားက အုတ်ခုံကိုဖျက်ဆီးလိုက်တာပေါ့။ တံတားတခုလုံးကြီး ဖျက်ဆီးတာ မဟုတ်ဘူး။ တံတားအဖျားအဆက်နား ပျက်သွားတာ”လို့ နောင်ချိုဒေသခံတဦးက ပြောပါတယ်။
အခု တံတားဖျက်ဆီးခံရတဲ့နေရာတွေမှာ စစ်ကောင်စီတပ် ရောက်ရှိနေလို့ မည်သည့် လက်နက်ကိုင်အဖွဲ့က ပြုလုပ်တယ်ဆိုတာ ဝေခွဲရခက်တယ်လို့ နောင်ချိုဒေသခံက ပြောပါတယ်။
ဂုတ်ထိပ်တံတား အလယ်တည့်တည့်ကနေ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ဟူ၍ ခွဲခြားထားပြီး အခု ပျက်စီးတဲ့အပိုင်းဟာ ကျောက်မဲမြို့နယ်ဘက် အခြမ်းမှာ ဖြစ်ပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန် ချန်နယ်နဲ့ ဖေစ်ဘွခ်အကောင့်တွေကဂုတ်ထိပ်တံတားကို TNLAက ဖောက်ခွဲတာလို့ စွပ်စွဲရေးနေကြပါတယ်။
ဂုတ်ထိပ်တံတားဟာ အရှည်ပေ ၂၂၆၀ပေ ရှည်လျားပါတယ်။ ၁၈၉၉မှာ စတင်ဆောက်လုပ်ပြီး ၁၉၀၀ဇန်နဝါရီ ၁ရက်မှာဖွင့်လှစ်ခဲ့ပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်တွေက ကျောက်မဲမြို့နယ်အစပ်မှာ ရောက်ရှိနေပါတယ်။
တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့နယ်ကို စစ်တပ်က စတင်စစ်ကြောင်းထိုးပြီး မြို့နယ်အစပ်က နောင်ပိန်ကျေးရွာနားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
နောင်ချိုမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကျောက်မဲမြို့ကိုထိုးစစ်ဆင်ဖို့ အင်အား ၇၀၀လောက်နဲ့ တောင်အောက်ကိုဆင်းသွားတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
ဩဂုတ်၁၉ရက် နေ့လည်ပိုင်းကစပြီး စစ်ကောင်စီရဲ့ အမှတ်(၁၁) ခြေမြန် တပ်မဌာနချုပ်က ဦးဆောင်တဲ့ အင်အား ၇၀၀လောက်ပါတဲ့ စစ်ကြောင်းက စတင်စစ်ကြောင်းထိုးတာလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
နောင်ချိုနဲ့ ကျောက်မဲမြို့နယ်အစပ်က နောင်ပိန်ကျေးရွာတောင်ဘက်နားက ထန်းတပင်ရွာနားမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကနောင်ပိန်ရွာကို သြဂုတ်၂၀ရက်ကလေကြောင်း ကနေ ပေါင်၅၀၀ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် အရပ်သား၁၀ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ပြန်ရပြီးနောက် မြို့မြောက်မှာရှိတဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ဆီကို စစ်ကြောင်းထိုးနေပါတယ်။












































