သြဂုတ်-၂၄၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းတလျှောက် တည်ငြိမ်မှုမရှိသေးဘဲ စစ်တပ်က ခရီးသွားပြည်သူတွေကို မိုင်းရှာခိုင်းတာ၊ အကာအကွယ်ယူသွားလာတာတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားပြီးကားသမားတစ်ဦးပါသေဆုံးခဲ့တဲ့ မုံရွာ-မန္တလေးလမ်းမှာ ဒီကနေ့ သြဂုတ် ၂၄ ရက်မနက်ပိုင်းကစပြီး လမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားကြောင်း ဒေသခံတွေက ပြောပါတယ်။
“မုံရွာမန်းလေးလမ်းတလျှောက်ပဲ။ ဂိတ်တွေကနေ အကုန်ထွက်တယ်။ လမ်းဘေးဘယ်ညာလက်နက်ငယ်တွေနဲ့ ပစ်ရှင်းရှင်းနေတယ်။”လို့ ဒေသတွင်းရဲဘော်တဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ခရီးသွားလာကြတဲ့ ပြည်သူတွေကိုလည်း ယာဥ်တွေပေါ်ကနေဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ မိုင်းရှာနေတုန်းလည်း ပြည်သူတွေကို သူတို့(စကစ)တပ်သားတွေနား ထိုင်ခိုင်းထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ချောင်းဦးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ ခရီးသွားပြည်သူတွေကိုအကာအကွယ်ယူပြီး သွားလာနေကြောင်း၊ ကားလမ်းတွေလည်း ယာယီပိတ်ထားကြောင်း ဒေသခံများက ပြောပါတယ်။
မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခကနေလည်းစစ်ကား၅စီးထွက်လာပြီးစစ်ကိုင်းဘက်ဦးတည်နေတယ်လို့ သိရပါတယ်။
မုံရွာ-မန္တလေးလမ်းမကြီးအပေါ် သွားလာကြမယ့် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီး သွားလာကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားကြပါတယ်။
သြဂုတ် ၂၂ ရက်မနက်ပိုင်းက မုံရွာ-မန္တလေးလမ်း၊ မုံရွာနဲ့ချောင်းဦးမြို့နယ်ကြားမှာတိုက်ပွဲဖြစ်ပွားကာ စစ်အုပ်စုကခရီးသည်တင်ကားတွေကို အသုံးချပြီး တိုက်ခိုက်လို့ယာဥ်မောင်းတဦးသေဆုံးခဲ့ပါတယ်။












































