ဩဂုတ်−၂၄၊ ၂၀၂၅။ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြီး လက်နက် ၁၀လက်၊ ရုပ်အလောင်းသုံးလောင်းနှင့် စစ်သုံ့ပန်း ၁ဦး ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။
ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ဩဂုတ် ၆ရက်မှ ၁၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ တတက-၁၀တပ်ရင်းမှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီးထွန်းလင်းသူနှင့် စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ တပ်ရင်းမှ ဗိုလ်ကြီး ၀င်းမင်းစိုးတို့ဦးစီးသည့် ခန့်မှန်းအင်အား ၁၂၀ကျော်ပါသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲများမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
တိုက်ပွဲအတွင်း သေဆုံးသူများတွင် စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး စစ်မှုထမ်းစစ်သားများလည်း ပါဝင်သည်ဟု အသိပေးသည်။
စစ်ကောင်စီတပ်ထံမှ သိမ်းရသည့် လက်နက်ခဲယမ်းများကိုလည်းမှတ်တမ်းဓာတ်ပုံဖြင့်ဖော်ပြ ခဲ့သည်။ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ MG-42 (၁) လက်၊ BA-100 (၁) လက်၊ MA-4 (၁)လက်၊ MA-E (၂)လက်၊ MA-1 (၂)လက်၊ MA-3 (၂) လက်၊ G-3 (၁)လက်၊ MG-42 ပြောင်းပို (၂)ခု၊ RPG ဒုံးသီး (၅)ခု ၊ ကျည်ဘောက်မျိုးစုံ (၂၄)ခု ၊ ၄၀ မမ ဗုံးသီး (၁၂)လုံး၊ ကျည်ဆံနှင့်မိုင်းဖြစ် ဖြစ်သည်ဟု အသိပေးသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အမှတ် (၅)အထူးလှုပ်ရှား တပ်ရင်း၊ အမှတ် (၆)အထူးလှုပ်ရှား တပ်ရင်း၊ ကလေးခရိုင် အမှတ် (၄) တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြိုနယ် ပကဖ၊ ကလေးဝမြိုနယ် ပကဖ၊ မင်းကင်းမြိုနယ် ပကဖ၊ PDF Zoland-Drone Team တို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
ယခု ပူးပေါင်းတပ်တွင် ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းမှ ဒရုန်းတပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ချင်းပြည်နယ် မတူပီ၊ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသည့် ချင်းညီနောင်သည် ချင်းပြည်အတွင်းသာမက နယ်မြေချင်းစပ်ဆက်နေသည့် စစ်ကိုင်း၊ မကွေး စစ်ဆင်ရေးများ၌လည်း ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။












































